PDF ရဲဘော်တဦး၏ မိဘနှစ်ပါးကို ဒလန်ဟု စွပ်စွဲကာ သတ်ဖြတ်ခံရ 

RNA_မတ်၂၀၊၂၀၂၂ခုနှစ်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာမှ NGR PDF တပ်ဖွဲ့ဝင် ရဲဘော်တဦး၏ မိဘနှစ်ပါးဖြစ်သည့် ကိုနိုင်မိုးနှင့် မမာဦးတို့ကို အခြား PDF (၂) ဖွဲ့က ဒလန်ဟု စွပ်စွဲကာ သတ်ဖြတ်သွားကြောင်း သိရသည်။

ဆားလင်းကြီးမြို့နယ် အခြေစိုက် National Revolutionary Guards ( NRG PDF) တပ်ဖွဲ့ ရဲဘော်တဦး၏ မိဘနှစ်ပါးကို ဒလန်ဟု သတ်မှတ်ပြီး မတ်လ (၁၇) ရက်နေ့ နံနက် (၁၁) နာရီ ၄၀ မိနစ်ဝန်းကျင်က Salingyi People’s Force ( S.P.F) နှင့် Myanmar ချီဂွေဗားရား အဖွဲ့တို့ ပူးပေါင်းပြီး သုတ်သင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ညောင်ပင်ကြီးကျေးရွာမှ NGR PDF တပ်ဖွဲ့ဝင် ရဲဘော်တဦး၏ မိဘနှစ်ပါးဖြစ်သည့် ကိုနိုင်မိုးနှင့် မမာဦးတို့ကို ဒလန်စွပ်စွဲ သတ်ဖြတ်ခြင်းနှင့် ပတ်သက်ပြီး သားဖြစ်သူ ရဲဘော်နှင့် ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း၊ သေချာစိစစ်ပြီးမှရှင်းလင်း ရှောင်ရွက်ကြရန်နှင့် သတင်းပေးသူများနှင့် ဆောင်ရွက်ကြသူများကို အထူးသတိပေးလိုက်ကြောင်း NGR PDF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

 

 

” မှားလုပ်ခံရတဲ့ မိသားစုအတွက်တော့စိတ်ကိုမကောင်းဘူး၊ ဒီအတိုင်းတာဆိုရင် ကျန်တဲ့ပြည်သူတွေလည်း မှားပြီး လုပ်ခံရမှာကြောက်မယ်ဗျ။ ဟိုကြောက်ရ ဒီကြောက်ရပေါ့ဗျာ။ PDF တွေ ကိုတော့တကယ်လို့ လုပ်ချင်တယ်ဆို သေသေချာချာလေးတော့စုံစမ်းစေချင်တယ်ဗျ နောက်ထပ်ဒီလိုအမှားမျိုးမကြုံအောင်ပေါ့” ဟု ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး ဆားလင်းကြီးမြို့နယ် ပြည်သူတဦးက ပြောသည်။

ယခုရက်ပိုင်း ဆားလင်းကြီးမြို့နယ်အတွင်း ဒလန်စာရင်းရှင်းရန် ရှိသေးကြောင်း၊ ဒေသခံများအနေဖြင့် မှားပြီးအသတ်ခံရမည်ကို ကြောက်လန့်နေကြကြောင်း၊ ယင်းမာပင် PDF က မှားပြီး သတ်ခဲ့မှုများလည်းရှိကြောင်း ဝန်ခံထားသည်။

Salingyi People’s Force ( S.P.F) နှင့် Myanmar ချီဂွေဗားရား အဖွဲ့တို့ ပူးပေါင်းပြီး မတ်လ ၁၄ ရက်နေ့က ၁ ဦး၊ မတ်လ ၁၅ ရက်နေ့မှာ သားအဖ ၂ ဦး၊ မတ်လ ၁၇ ရက်နေ့မှာ PDF မိဘနှစ်ပါး ၊ မတ်လ ၁၈ ရက်နေ့မှ ၁ ဦး စုစုပေါင်း (၄) ရက်အတွင်း (၆) ဦးကို ဒလန်ဟု သတ်မှတ်ကာ သတ်ဖြတ်ထားကြောင်း တွေ့ရာသင်္ချိုင်း ဓားမဆိုင်း ပြောက်ကျားတပ်ဖွဲ့ Facebook Pageမှ ထုတ်ပြန်ကြေညာထားသည်။

Red News Agency

By Editor