စစ်တပ်မှာ ခံဝန်ထိုးနေထိုင်သည့်  လွှတ်တော်ကိုယ်စား လှယ် ဖမ်းဆီးခံရ

RNA_မတ် ၇၊၂၀၂၂ခုနှစ်။

ပဲခူးတိုင်း၊ ကဝမြို့နယ်တွင် စစ်ကောင်စီတပ်မှာ နိုင်ငံရေးမလုပ်တော့ကြောင်း ခံဝန်ထိုးနေထိုင်သည့် NLD ပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းထွန်းကို စစ်ကောင်စီတပ်က ယနေ့ နံနက်ပိုင်းတွင် ဖမ်းဆီးလိုက်ကြောင်း သိရသည်။

ကဝမြို့နယ် NLD ပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီး အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် (၃) ဦးတို့သည် စစ်တပ်မှာ ခံဝန်ထိုးနေသည့်အတွက် CRPH နှင့် NUG က NLD လွှတ်တော်ကိုယ်စားလှယ်အဖြစ် အသိအမှတ်မပြုတော့ကြောင်း စုံစမ်း သိရှိရသည်။

” ကိုယ်စားလှယ်က လက်ရှိ ကိုယ်စားလှယ်လုပ်ငန်းတွေလဲ မလုပ်ဘူး၊ NLD လုပ်ငန်းတွေလဲ မလုပ်ဘဲ နေလို့ရအောင် စစ်တပ်မှာ ခံဝန်ထိုးနေတာ၊ အခုဖမ်းတာက ပြီးခဲ့တဲ့ ၂ ရက်လောက်က ဒလန်အုပ်ကြီး ၂ ယောက်အသတ်ခံရတယ် PDF တွေသတ်သွားတာပါ အဲဒါကြောင့်ဖမ်းတာလို့ ကြားတယ်၊ ဒလန်အသတ်ခံရတာနဲ့ ကဝ EC တွေဖမ်းတာ အဲထဲမှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ပါသွားတာ” ဟု ဒေသခံ ပြည်သူတဦးက ပြောသည်။

ကဝမြို့နယ်တွင် စစ်ကောင်စီတပ်သတင်းပေး ဒလန်ဟု သတ်မှတ်ခံထားရသူ ရစ်ကန်ကြီးကျေးရွာမှ ကိုဆန်းဝင်း (ခ) ပေါင်တိုနှင့် မက်မောက် ကျေးရွာအုပ်ချုပ်ရေးမှူး ကိုမောင်ဇော်တို့ကို မတ်လ (၄) ရက်နေ့ နံနက်ပိုင်းက အေးရွာသစ် ကျေးရွာအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သေနတ်ပစ်ခတ်ကာ သုတ်သင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ : ယနေ့ ဖမ်းဆီးခံလိုက်ရသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းထွန်း။

၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီက ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးလှသန်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းထွန်း၊ တိုင်းဒေသကြီးအမှတ် (၂) ဦးမျိုးခိုင် တို့သည် ခံဝန်ထိုးနေထိုင်ကြပြီး၊ တိုင်းဒေသကြီး အမှတ် (၁) လွှတ်တော်ကိုယ်စား လှယ် ဦးညွှန့်ရွှေမှာ စစ်ကောင်စီတပ်က အာဏာသိမ်းပြီးစဉ်ကတည်းက ဖမ်းဆီးခံထားရခြင်း ဖြစ်ကြောင်း သိရသည်။

RedNewsAgency

By Editor