အမျိုးသားနိုင်ငံတော်အယူအဆနှင့်ရက္ခိုင့်တော်လှန်ရေး

ULA/AA ရဲ့ တော်လှန်ရေးဟာ နောက်ဆုံးပန်းတိုင်အဖြစ် ရက္ခိုင်ဒေသတစ်ခုလုံးကို နယ်မြေထိန်းချုပ်လို့ရပြီး အုပ်ချုပ်ရေးယန္တရားတည်ဆောက်မှု အပြည့်အဝလုပ်နိုင်ပြီဆိုတာနဲ့ အမျိုးသားနိုင်ငံအဖြစ် ကြေညာဖို့ ခြေလှမ်းစတော့မယ်

ရက္ခိုင်ပြည်သူများနှင့် ULA/AAရဲ့ နိုင်ငံရေးရည်မှန်းချက်တွေကို မြန်မာနိုင်ငံအဝန်းအဝိုင်းအတွင်း မရရှိပါက မိမိတို့လိုလားသော အမျိုးသားနိုင်ငံတော်အဆင့်ကို နိုင်ငံတကာအသိုင်းအဝိုင်းနှင့်လက်တွဲတည်ဆောက်သွားမယ်လို့ ULA/AA ရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ပြောခဲ့ပါတယ်။

ခိုင်သုခ ခုလို အင်တာဗျူးမပေးခင်ကတည်းက ULA/AAရဲ့ ရက္ခိတလမ်းစဉ်ဆိုတဲ့ နိုင်ငံရေးလမ်းစဉ်နဲ့ ရည်မှန်းချက်တွေကို ခေါင်းဆောင်ပိုင်းက မကြာခဏ ထုတ်ဖော်ပြောဆိုနေတာကို တွေ့ရပါတယ်။

ထိုအချိန်ကာလက ပြည်မနိုင်ငံရေးသမားတွေအပါအဝင် လေ့လာသုံးသပ်သူ အတော်များများက ရက္ခိတလမ်းစဉ်ရဲ့ အတိမ်အနက်ကို သေသေချာချာ ကွဲကွဲပြားပြား မသိနိုင်ကြသေးဘူးလို့ ယူဆရပါတယ်။အခုတော့ ရက္ခိုင့်ပြည်သူတွေရဲ့ နိုင်ငံရေးရည်မှန်းချက်ဟာ အရင်ထုတ်ပြောနေကြ “ပြည်ထောင်”အဆင့်ကနေ “အမျိုးသားနိုင်ငံ”အဆင့်ကို ကူးပြောင်းသွားခဲ့ပြီလို့ အတိအလင်းကြေညာလိုက်တဲ့ အနေအထားပါပဲ။

အချုပ်အခြာအာဏာ
—————————-

အမျိုးသားနိုင်ငံလို့ ဆိုလိုက်ရင် အရင်ဆုံးပြေးမြင်ရမှာက “အချုပ်အခြာအာဏာ”ပါ။ရက္ခိုင့်လူထုမှာ အချုပ်အခြာအာဏာနဲ့ ပတ်သက်တဲ့ ခံစားမှုတွေ၊တိမ်းညွှတ်မှုတွေ ကြီးကြီးမားမားရှိတာကို တွေ့ရှိရပါတယ်။ဗမာဘုရင်တွေက မတရားသိမ်းပိုက်လို့ ရက္ခိုင့်အချုပ်အခြာအာဏာဆုံးရှုံးခဲ့ရတယ်လို့ ဘိုးစဉ် ဘောင်ဆက် သက်ကြီးက သက်ငယ်ကို သင်ကြားပို့ချပေးရင်း မိမိတို့ရဲ့ အမျိုးသားရေးအမှတ်သရုပ်ကို ဆက်လက်ထိန်းသိမ်းဖို့ တိုက်တွန်းလှုံ့ဆော်တဲ့နေရာမှာ ရက္ခိုင်လူမျိုးကို ဘယ်လူမျိုးမှ မမှီဘူးလို့တောင် ပြောလို့ရပါတယ်။

De Jure နဲ့ De facto
—————————–
အချုပ်အခြာအာဏာနဲ့ပတ်သက်ပြီး ဆက်ပြောရရင် “De jure sovereignty”နဲ့ “De facto sovereignty” ဆိုပြီး နှစ်မျိုးခွဲပြီး ပြောရလိမ့်မယ်။
“De jure”အဆင့်ရထားတဲ့ နိုင်ငံရေးအင်အားစုဟာ သူလွှမ်းမိုးတဲ့နယ်မြေတစ်ခုမှာ ဥပဒေအရ တရားဝင်အုပ်ချုပ်ခွင့်ရှိတယ်လို့ ဆိုပြီး “De facto”အဆင့်ရထားတဲ့ နိုင်ငံရေးအင်အားစုဟာ သူလွှမ်းမိုးတဲ့နယ်မြေတစ်ခုကို ဘာဥပဒေမှ မပြဌာန်းခဲ့ရင်တောင် တကယ့်အရှိပကတိအတိုင်း အုပ်ချုပ်ခွင့်ရှိတယ်လို့ ပြောရပါလိမ့်မယ်။

ကျနော်တို့နဲ့အနီးစပ်ဆုံး ဥပမာပြပါဆိုရင် “ဝ”ပြည်မှာ UWSA ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်အဖွဲ့ဟာ De facto အဆင့်အုပ်ချုပ်ရေးအာဏာကို ရရှိနေပြီလို့ ပြောလို့ရပါတယ်။ကိုယ့်အမိန့်ပြန်တမ်း ကိုယ့်စည်းကမ်းထုတ်ပြန်ချက်နဲ့ ကိုယ်အုပ်ချုပ်နေပြီး ကျန်းမာရေး၊ပညာရေးနဲ့အခြားလူမှုဝန်ဆောင်ရေးလုပ်ငန်းတွေကိုလည်း ကိုယ့်ဖာသာကိုယ်စီမံခန့်ခွဲနေပြီလို့ ပြောလို့ရပါတယ်။ငွေကြေးသုံးစွဲမှုမှာလည်း မြန်မာကျပ်ငွေကို မသုံးစွဲတော့ဘဲ ပိုခိုင်မာတဲ့ တရုတ် ဝမ်မင်ပိ‌ငွေကိုပဲ သုံးစွဲနေတာကြာပါပြီ။

ဆိုက်ပရပ်စ်အရေးအခင်း
———————————

နောက်ဥပမာတစ်ခု ထပ်ပေးရရင် ဥရောပတိုက် မြေထဲပင်လယ်ထဲက ဆိုက်ပရပ်စ်ကျွန်းကလေးရဲ့ အရှေ့မြောက်ဘက်ခြမ်းမှာ တူရကီလူမျိုးစုတွေ သီးခြားနေထိုင်တဲ့ မြောက်ဆိုက်ပရပ်စ်တာ့ကစ်သမ္မတနိုင်ငံဆိုတာရှိပါတယ်။သူလည်း De facto အဆင့်ကိုယ်ပိုင်အုပ်ချုပ်ရေးကို အရယူထားတဲ့ နိုင်ငံတစ်ခုဖြစ်နေတာ ကြာပါပြီ။ဗြိတိသ်ျှဆီက ၁၉၆၀မှာ လွတ်လပ်ရေးရပြီးနောက် ဂရိနွယ်ဖွား ဆိုက်ပရီယော့တွေနဲ့ တူရကီနွယ်ဖွား ဆိုက်ပရီယော့တွေဟာ ကိုယ်ပိုင်နိုင်ငံရေးအာဂျင်ဒါတွေကို စွန့်လွှတ်ပြီး ဆိုက်ပရပ်စ်တနိုင်ငံတည်းဖြစ်ရေးမူနဲ့ သွားခဲ့ကြတာပါ။နောက်ပိုင်း နိုင်ငံရေးအာဏာခွဲဝေမှုတွေ၊အခွန်ဘဏ္ဍာခွဲဝေမှုတွေမှာ အငြင်းပွားကြလို့ ခုလို သီးခြားနှစ်နိုင်ငံအဖြစ် ပြောင်းလဲသွားတာပါ။

ဒီလိုနှစ်နိုင်ငံမဖြစ်ခင်ကတည်းက ဂရိဆိုက်ပရီယော့ လက်ျာအစွန်းရောက်ဂိုဏ်းက ဆိုက်ပရပ်စ်ကို ဂရိနဲ့ ပေါင်းစည်းဖို့ အာဂျင်ဒါတင်ပြီး တာ့စ်ဆိုက်ပရီယော့တွေကတော့ ဆိုက်ပရပ်စ်ကနေ ခွဲထွက်ရေး မျှော်မှန်းချက်ရှိခဲ့ကြတယ်။ဂရိဆိုက်ပရီယော့ လကျာ်စွန်းတွေနောက်က ဂရိစစ်အုပ်စု ကျောထောက်နောက်ခံပေးထားပြီး တာ့စ်ဆိုက်ပရီယော့တွေ နောက်မှာတော့ တူရကီနိုင်ငံက ပါဝင်အားပေးပါတယ်။လက်ျာစွန်းရောက် ဂရိဆိုက်ပရီယော့ အာဏာသိမ်းမှုဖြစ်ပွားပြီး “ဟယ်လင်းနစ် ဆိုက်ပရပ်စ်နိုင်ငံ”ထူထောင်ဖို့ ကြိုးစားတဲ့အတွက် တူရကီစစ်တပ်က ဝင်တိုက်ပြီး ဆိုက်ပရပ်စ်အရှေ့မြောက်ပိုင်းကို သိမ်းပိုက်ပစ်ခဲ့ပါတယ်။သူတို့သိမ်းထားတဲ့နယ်မြေမှာ မြောက်ဆိုက်ပရပ်စ်တာ့ကစ်သမ္မတနိုင်ငံကို ထူထောင်ပေးခဲ့တာ ၁၉၇၅ခုနှစ်ကတည်းကဖြစ်ပေမယ့် အခုထိ ကုလသမဂ္ဂက နိုင်ငံအဖြစ် အသိအမှတ်မပြုသေးပါဘူး။

အမျိုးသားနိုင်ငံအဖြစ် အသိအမှတ်ပြုရေး
——————————————————–

လက်ရှိအချိန်မှာ နိုင်ငံတနိုင်ငံ အထူးသဖြင့် အချုပ်အခြာအာဏာပိုင် အမျိုးသားနိုင်ငံအဖြစ် အသိအမှတ်ပြုခွင့်ရဖို့ အများသဘောတူလက်ခံထားတဲ့အချက်လေးချက်ရှိပါတယ်။
(၁)နယ်မြေစိုးမိုးမှု
(၂)လူဦးရေတည်ရှိမှု
(၃)အုပ်ချုပ်ရေးအာဏာရှိမှု
(၄)အသိအမှတ်ပြုမှု တို့ပဲဖြစ်ပါတယ်။

နိုင်ငံရေးအင်အားစုတစ်ခုက အဆိုပါနယ်မြေကို ထိန်းချုပ်ထားနိုင်ပြီး ဒီနယ်မြေမှာ နေထိုင်တဲ့လူများစုကလည်း သူ့ကို ထောက်ခံသဘောကျသလို သူ့ရဲ့ အုပ်ချုပ်ရေးယန္တရားကလည်း ကောင်းကောင်းမွန်မွန် လည်ပတ်နိုင်ရင် အစောပြောသလို de facto အာဏာရပြီလို့ ပြောလို့ရပါတယ်။နိုင်ငံတကာ အသိအမှတ်ပြုမှုလည်း လိုအပ်ပါတယ်။အသိအမှတ်ပြုမှုပါရရှိပြီဆိုရင် de facto ကနေ de jure ကို ကူးပြောင်းသွားပြီး အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုဖြစ်လာနိုင်ပါတယ်။

နိုင်ငံတကာ အသိအမှတ်ပြုရေးဟာ အရေးကြီးတယ်လို့ ဆိုခဲ့ပါတယ်။ဒီလိုအရေးကြီးတဲ့ အသိအမှတ်ပြုမှုအတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေက ကြိုးစားကြဖို့လည်း အရေးတကြီးလိုအပ်ပါတယ်။တချို့ နိုင်ငံအဖြစ်တောင်းဆိုထားတဲ့ဒေသတွေကျတော့ အကန့်အသတ်နဲ့ အသိအမှတ်ပြုမှုတွေရရှိခဲ့တာကို တွေ့ရတယ်။ဥပမာ ဆားဘီးယားကနေ ခွဲထွက်တဲ့ ကိုဆိုဗိုနဲ့ ဆိုမာလီယာကနေ ခွဲထွက်တဲ့ ဆိုမာလီလန်တို့လိုမျိုး နိုင်ငံတွေဖြစ်ပါတယ်။

အာရက္ခအမျိုးသားနိုင်ငံနှင့်နိုင်ငံတကာ့သဘောထား
——————————————————————–

ကျနော်တို့အနေနဲ့ ရက္ခိုင့်အရေးကို ပြန်သုံးသပ်ကြည့်ရရင် ULA/AA ရဲ့ တော်လှန်ရေးဟာ နောက်ဆုံးပန်းတိုင်အဖြစ် ရက္ခိုင်ဒေသတစ်ခုလုံးကို နယ်မြေထိန်းချုပ်လို့ရပြီး အုပ်ချုပ်ရေးယန္တရားတည်ဆောက်မှု အပြည့်အဝလုပ်နိုင်ပြီဆိုတာနဲ့ အမျိုးသားနိုင်ငံအဖြစ် ကြေညာဖို့ ခြေလှမ်းစတော့မယ်လို့ မြင်ပါတယ်။

အခုချိန်ထိတော့ ပြည်ထောင်စုထဲကနေ ခွဲထွက်မယ်၊မခွဲထွက်ဘူးလို့ ယတိပြတ်မပြောသေးပေမယ့် ပြည်ထောင်စုဆိုတာကိုက တကယ့်ပြည်ထောင်စုအစစ်ဖြစ်မနေတဲ့အတွက် ဒီလိုခွဲထွက်ခြင်း၊မခွဲထွက်ခြင်းဟာ လတ်တလောမှာ အဓိပ္ပါယ်ရှိမနေဘူးလို့ပဲ ယူဆရပါလိမ့်မယ်။

ဆိုလိုရင်းက ပြည်ထောင်စုက ခွဲထွက်တာမဟုတ်တဲ့ အခြားအော်တားနေးတစ်တစ်ခုကို စဉ်းစားကြည့်ကြဖို့ ဖြစ်ပါတယ်။အစောကပြောသလို ရက္ခိုင့်နယ်မြေမှာ De facto sovereignty တစ်ခုတည်ဆောက်ပြီးသွားရင် နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုရဖို့ တောင်းဆိုတာမျိုး လုပ်ဖို့အထိရှိတယ်ဆိုတဲ့ ချဉ်းကပ်မှုမျိုးကို ပြောချင်တာပါ။

အဲ့ဒီလိုအခြေမျိုးဆိုက်ခဲ့လို့ရှိရင် အရန်သင့်ဖြစ်အောင် ယခုကတည်းက အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးကို ULA/AA ကတည်ဆောက်ထားနှင့်ပြီလို့ ဆိုလို့ရပါတယ်။အထူးသဖြင့် နယ်စပ်ချင်းကပ်နေတဲ့ Bangladesh နဲ့ပဲဖြစ်ပါတယ်။ Bangladesh အနေနဲ့လည်း ခုလက်ရှိ ဗမာစစ်အုပ်လက်ချက်ကြောင့် ထွက်ပြေးခိုလှုံလာတဲ့ ဒုက္ခသည်အရေးကို ခက်ခက်ခဲခဲရင်ဆိုင်ဖြေရှင်းနေရတဲ့အတွက် ULA/AA ရဲ့ အောင်မြင်မှုနဲ့ မွတ်စလင်တွေအပေါ် ထားတဲ့ သဘောထားကို အထူးစိတ်ဝင်တစားစောင့်ကြည့်နေတယ်လို့ ပြောရမှာပါ။

စစ်အုပ်စုနဲ့NUG အခက် ရက္ခိုင့်အချက်
—————————————————-

ဗမာစစ်အုပ်စုကတော့ ဂျီနိုဆိုက်တရားခံအဖြစ် ကမ္ဘာမှာ ‌တရားရင်ဆိုင်နေရဆဲအနေအထားဖြစ်တဲ့အပြင် စစ်အာဏာသိမ်းမှုကြောင့် အစိုးရအဖြစ် တရားဝင်အသိအမှတ်ပြုမှုအကျပ်အတည်းကိုပါ ကြုံနေရတဲ့အတွက် ရက္ခိုင်နယ်မြေတွေအပေါ် အကြမ်းဖက်အင်အားသုံးထိန်းချုပ်ထားဖို့လည်း ရေရှည်မှာ မလွယ်ကူတော့ပါဘူး။

ရက္ခိုင့်အမျိုးသားနိုင်ငံတော်ရည်မှန်းချက်ဟာ ခုလက်ရှိကာလအခြေအနေတွေ ချင့်တွက်လိုက်ရင် အားပိုကောင်းလာမယ်လို့ ယူဆရပါတယ်။နိုင်ငံတကာကလည်း limited recognition (အကန့်အသတ်နဲ့ အသိအမှတ်ပြု)ပေးဖို့ အလားအလာတွေလည်း ရှိကောင်းရှိနေမှာဖြစ်ပြီး ဒီလိုအနေအထားအပေါ်မှာ အခြားသော နိုင်ငံရေးသမားတွေ၊ဆက်နွယ်ပတ်သက်နေသူတွေအားလုံး စိတ်ဝင်တစားလေ့လာစောင့်ကြည့်ပြီး မိမိတို့အနေအထားအရ ပြင်ဆင်သင့်တာပြင်ဆင်ထားရမှာဖြစ်ပါတယ်။

အထူးသဖြင့် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ရက္ခိုင့်အရေးနဲ့ပတ်သက်တဲ့ သီးခြားစဉ်းစားချက်နဲ့ သဘောထားတွေရှိနေဖို့လိုအပ်ပါတယ်။ခုလတ်တလောအထိတော့ NUG ဟာ သူတို့ကို နိုင်ငံတကာက အစိုးရအဖြစ်အသိအမှတ်ပြုဖို့ကိုပဲ ပိုအာရုံစိုက်ကြိုးစားနေတာကို တွေ့ရှိရပါတယ်။ရက္ခိုင့်နိုင်ငံရေးရည်မှန်းချက်တွေကို အော်တားနေးတစ်အမြင်တွေကနေ မချဉ်းကပ်တဲ့အပြင် ဘယ်လူမျိုးစုတော်လှန်ရေးအင်အားစုတွေရဲ့ နိုင်ငံရေးရည်မှန်းချက်တွေကိုမှ အော်တားနေးတစ်အမြင်နဲ့ ချဉ်းကပ်တာမျိုးမရှိသေးပါ။သူတို့ကိုယ်တိုင် (၂၀၀၈)ကပေးထားတဲ့ နိုင်ငံရေးအဆင့်တစ်ခုအထိုင်ကနေပဲ အရာအားလုံးကို သုံးသပ်လုပ်ကိုင်နေဆဲဖြစ်တဲ့အတွက် ယခုရက္ခိုင့်အရေးလို အရေးကြီးတဲ့နိုင်ငံရေးကိစ္စရပ်တွေမှာ အဖြေမရှိဘဲ ဖြစ်နေတယ်လို့ ဝေဖန်သုံးသပ်လိုက်ရပါတယ်ခင်ဗျား။ ။

ကျော်ကိုကို
၇.၃.၂၀၂၂

By Editor