PDF နှိမ်နှင်းရန် စစ်‌ဆင်ရေး မအောင်မြင်သည့် ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင် ရာထူးမှ ဖယ်ရှားခံရ

RNA_ဖေဖော်ဝါရီ ၁၇ ရက်၊ ၂၀၂၂ ခုနှစ်။

စစ်ကိုင်းတိုင်း၊မကွေးတိုင်းနှင့် ချင်းပြည်နယ်တို့တွင် PDF များကို နှိပ်နှင်းရန် အလောင်းမင်းတရားစစ်ဆင်ရေး၊ အနော်ရထာ စစ်ဆင်ရေးတို့ကို ဦးဆောင်စီမံကွပ်ကဲနေသည့် ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်အား ရာထူးမှ ဖယ်ရှားလိုက်ပြီးဖြစ်ကြောင်း သတင်းထွက်ပေါ်လာသည်။

ကာကွယ်ရေးဝန်ကြီးဌာန အမှတ် (၆) စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထ-၆) ရာထူးမှ ဖယ်ရှားခံရသည့် ဒုတိယ ဗိုလ်ချုပ်ကြီးသန်းလှိုင်သည် PDF နှိမ်နှင်းရေး စစ်ဆင်ရေး မအောင်မြင်သည့်အတွက်ဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ မကွေးတိုင်းတို့တွင် သန်းလှိုင် ‌ကစထ-၆ အဖွဲ့မှူးဖြစ်နေချိန် ပိုမိုတိုက်ခိုက်ခိုက်မှု များပြားလာကြောင်း၊ စစ်ကောင်စီတပ်သည် နယ်မြေစိုးမိုးမှုမရှိတော့၍ လေယာဉ်သုံး ပစ်ခတ်သော်လည်း PDF များကို ထိခိုက်မှုနည်းပါးကြောင်း၊ စစ်ကောင်စီတပ်သားများ ဒေသခံပြည်သူများ၏ နေအိမ် ကျေးရွာများကို ရွာလုံးကျွတ် မီးရှို့သော်လည်း တိုက်ခိုက်ခံရမှုနှင့် သေဆုံးမှုမှာ ပိုမိုမြင့်တက်နေကြောင်း သိရသည်။

စစ်ကောင်စီတပ် စစ်ဆင်ရေး မအောင်မြင်သည့် အတွက် လက်ပါးစေ နောက်တဦး အစားထိုးခန့်အပ်သော်လည်း PDF များ၏ တိုက်ခိုက်မှာ ရပ်တန့်မှု မရှိနိုင်ကြောင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ဖြိုးသန့်ကိုလည်း မကြာသေးခင်က ရာထူးမှဖယ်ရှားခဲ့ကြောင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နှင့် မကွေးတိုင်းတို့မှာ စစ်ကောင်စီတပ်သားများ နေ့စဉ်သေဆုံးနေရကြောင်း သိရသည်။

Red News Agency

By Editor