လွှတ်တော်မရှိလျှင် ဒီမိုကရေစီမရှိနိုင်ခြင်းကြောင့် လွှတ်တော်ကို ဆက်လက်ခေါ်ယူနေရခြင်းဖြစ်ဟု NUG ယာယီသမ္မတပြော

RNA ၊ ဖေဖော်ဝါရီ ၅ ရက်၊၂၀၂၂ ခုနှစ်။

လွှတ်တော်ဆိုသည်မှာ ဒီမိုကရေစီ၏ အခြေခံအကျဆုံးနိုင်ငံရေး အဆောက်အဦ (institution) တခုဖြစ်ပြီး လွှတ်တော်မရှိလျှင် ဒီမိုကရေစီမရှိကြောင်း၊ ထို့ကြောင့် လွှတ်တော်ကို ဆက်လက် ခေါ်ယူနေရခြင်း ဖြစ်ကြောင်း ယနေ့ ကျင်းပသည့် ပြည်ထောင်စုလွတ်တော် တတိယအကြိမ် အစည်းအဝေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ယာယီသမ္မတဒူဝါလရှီးလ ကပြောသည်။

” ပြီးတော့ လွှတ်တော်ကို ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားသူနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ အဆောက်အအုံတွေ (building) မဟုတ်ပါဘူး။ နိုင်ငံရေးအဖွဲ့အစည်း (institution) ဖြစ်ပါတယ်။ ဒါကြောင့် ဒီမိုကရေစနစ် ရှင်သန်ဖို့ ပြည်သူတွေ ရွေးချယ်ထားတဲ့ လွှတ်တော်ရှိရပါမယ်။ ဒါကြောင့် ကျွန်တော်တို့ စစ်အာဏာရှင်တွေရဲ့ တရားဝင်မှုကို ငြင်းပယ်နိုင်ဖို့၊ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တရားဝင်မှုကို ခိုင်မာစေဖို့၊ ဒီမိုကရေစီအရေး ဆက်လက်ရှင်သန်ဖို့ ပြည်ထောင်စုလွှတ်တော်ရှိပါမယ်။ ဒီမိုကရေစီ တရားဝင်ဖို့ လွှတ်တော် ရှိရပါမယ်။ ဒါကြောင့် ကျွန်တော်တို့ စစ်အာဏာရှင်တွေရဲ့ တရားဝင်မှုကို ငြင်းပယ်နိုင်ဖို့၊ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တရားဝင်မှုကိုခိုင်မာစေဖို့၊ ဒီမိုကရေစီအရေး ဆက်လက်ရှင်သန်နိုင်ဖို့ ပြည်ထောင်စုလွှတ်တော် ဆိုတာ ဆက်လက် ကျင်းပနေဖို့လိုပါတယ်” ဟု ယာယီသမ္မတဒူဝါလရှီးလ ကပြောသည်။

ယနေ့ ကျင်းပသည့် လွှတ်တော်အစည်းအဝေးသည် မိမိတို့ထင်ထားသည်ထက် ပိုအရေးကြီးကြောင်း မီးမောင်းထိုးပြလိုကြောင်း ၊ထိုနည်းတူစွာ ယခုလိုမျိုး နိုင်ငံရေးအခက်အခဲများ ရင်ဆိုင်နေရသည့်ကြားကာလတွင် NUG အစိုးရအတွက် လိုအပ်သည့် ဥပဒေပြုရေးနှင့် NUG ၏ အခွင့်အာဏာနှင့် လုပ်ဆောင်မှုများကို ကြီးကြပ်ထိန်းညှိပေးရန်လည်း လွှတ်တော်၏ အရေးကြီးသည့် တာဝန်ဖြစ်ကြောင်း ၎င်းက ပြောသည် ။

ထို့အတူ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) ဦးဆောင်သည့် အစုအဖွဲ့အစုံအလင်နှင့် အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးလမ်းစဥ်တွင် လည်း CRPH အနေဖြင့် ဦးဆောင်ဦးရွက် ပြုရအုံးမည်ဖြစ်ကြောင်း၊CRPH ဟာဆိုရင် အာဏာရှင် မပြုတ်ကျသရွေ့၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ ပေါ်ပေါက်လာသည့် ရွေးကောက်ပွဲမကျင်းပနိုင်သရွေ့ နိုင်ငံ၏ ဥပဒေပြုရေးနှင့် နိုင်ငံရေး အခန်း ကဏ္ဍတွင် ဆက်လက်ပါဝင်ဆောင်ရွက်ရမည်ဖြစ်၍ အခက်အခဲများကို အတူတကွ ကျော်လွှားကြရန်လည်း NUG ယာယီ သမ္မတဒူဝါလရှီးလ ကပြောကြားခဲ့သည်။

Red News Agency

By Editor