စစ်တပ်အာဏာသိမ်းခဲ့သည့် ၁ နှစ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ဆိုးရွားသော ထိခိုက် ကျဆင်းမှုများ

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်။

အကြမ်းဖက်စစ်ကောင်စီ အာဏာသိမ်းခဲ့သည့် ၁ နှစ်အတွင်းလူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ဆိုးရွား သော ထိခိုက် ကျဆင်းမှုများအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ဗဟိုအလုပ်ကော်မတီက ကြေညာချက်တစ်စောင် ယနေ့ ထုတ်ပြန်ခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီသည် အာဏာသိမ်းခဲ့သည့် တစ်နှစ်တာကာလအတွင်း ရဟန်း၊ ရှင်လူ၊တိုင်းရင်းသား၊ ကျောင်းသား၊ ပြည်သူများ၊ CDM များနှင့်အတူ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါတီခေါင်းဆောင်များ၊ ရွေးကောက်တင်မြှောက်ခံလွှတ်တော် ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ဝင်များ၊ ပါတီဝင်များကို အဓမ္မဖမ်းဆီးအကျဉ်းချမှုများ၊ ညှဉ်းဆဲသတ်ဖြတ်မှု များစွာလုပ်ဆောင်ခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှတ်တမ်းကောက်ယူရေးအဖွဲ့၏ ကောက်ယူရရှိသော စာရင်းများအရ အဖွဲ့ချုပ်အဖွဲ့ဝင်များထဲမှလည်း ဖမ်းဆီးအကျဉ်းချခံရသူစုစုပေါင်း (၆၈၆)ဦးတွင် လွှတ်တော်ကိုယ်စားလှယ် (၁၀၇)ဦးပါဝင်ပြီး၊ ညှင်းပမ်းနှိပ်စက်မှုများနှင့် အကျဉ်းထောင်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်မှုများကြောင့် ကွယ်လွန်သူ လွှတ်တော်ကိုယ်စားလှယ်(၁)ဦး အပါအဝင်စုစုပေါင်း (၁၄)ဦးရှိခဲ့ကြောင်း ထိုကြေညာချက်တွင် ဖော်ပြထားသည်။

ဗဟိုရုံးချုပ်အပါအဝင် ပါတီရုံးများအား ဖောက်ခွဲဖျက်ဆီးခြင်း၊ မီးရှို့ခြင်း၊ ပါတီပိုင်ပစ္စည်းများနှင့် စာရွက်စာတမ်းများ ကိုခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ယူဆောင်ခြင်း (၉၁)ကြိမ်ရှိပြီး၊ (၁၁၇)ဦးထက်မနည်းသောပါတီဝင်များ၏ အိုးအိမ်၊ မြေနေရာ၊ တိုက်ခန်းတို့ကို အကြောင်းအမျိုးမျိုးပြ၍ ချိပ်ပိတ်ခြင်းများကျူးလွန်ခဲ့ကြောင်း ထိုကြောညာချက်အရ သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် အစိုးရတာဝန်ရယူထမ်းဆောင်ခဲ့သော ငါးနှစ်တာကာလအတွင်း အခက်အခဲနှင့် ကန့်သတ်မှုများစွာကြားမှပင် ပြည်သူနှင့်အတူ ဒီမိုကရေစီအုတ်မြစ်ကို စွမ်းနိုင်သမျှချမှတ်ခဲ့ပြီး ပိုမိုအနှစ်သာရပြည့်ဝသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖော်ဆောင်နိုင်ရေးမျှော်မှန်းချက်ဖြင့် တိုင်းရင်းသား လူမျိုးစုအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများအပါအဝင် ကဏ္ ဍ(၁၈)ခုပါဝင်သော ၂၀၂၀ ရွေးကောက်ပွဲ ကြေညာ စာတမ်းကိုထုတ်ပြန်၍ ပြည်သူကိုကတိကဝတ်ပြုခဲ့သော်လည်း လက်တွေ့အကောင်အထည် မဖော်ဆောင်နိုင်မီကာလတွင် စစ်အာဏာသိမ်းမှု၏အကျိုးဆက်အဖြစ် အဆိုပါကဏ္ဍများတွင် ဆိုးရွားသော ထိခိုက် ကျဆင်းမှုများကို တွေ့ရှိလာရကြောင်း ကြေညာချက်တွင်ဖော်ပြထားသည်။

ပြည်သူ့အစိုးရတာဝန်ယူထားသည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တစ်နိုင်ငံလုံး၌အေးချမ်းစွာ ပညာ သင်ယူနေသည့် ကျောင်းသား/ကျောင်းသူဦးရေ (၁၃)သန်းဝန်းကျင်နှင့် ပညာရေးတာဝန်ထမ်းဆောင်နေသည့် ဆရာ/ဆရာမ ဦးရေ လေးသိန်းကျော် ပညာပို့ချနေရာမှ ယခုအာဏာသိမ်းထားသည့် ၂၀၂၁- ၂၀၂၂ ပညာသင်နှစ်အတွင်း မိဘပြည်သူများနှင့် ကျောင်းသား/ကျောင်းသူ (၉၀)ရာခိုင်နှုန်း၊ ဆရာဆရာမ ဦးရေ ထက်ဝက်ကျော်တို့မှာ စစ်ကောင်စီ၏ ပညာရေးကို ယုံကြည်လက်ခံမှုမရှိသည်ကို တွေ့ရသည်ဟုဆိုသည်။

၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှု ပထမလှိုင်းနှင့်ဒုတိယလှိုင်းတို့အတွင်း ပြည်သူ့အစိုးရက ပြည်သူလူထု၏ ကျန်းမာရေး၊ စီးပွားရေးနှင့် စားဝတ်နေရေးပြေလည်စေရေးအတွက် ကဏ္ဍကြီး (၁၂)ရပ်တွင် ငွေကျပ်သန်းပေါင်း (၂,၂၈၃) ဘီလီယံ သုံးစွဲခဲ့ပြီး ကိုဗစ်-၁၉ ကပ်ရောဂါ ပထမလှိုင်း နှင့် ဒုတိယလှိုင်းတို့တွင် ကူးစက်ဖြစ်ပွားမှု (၁၄၀,၁၄၅) ဦး ရှိခဲ့ပြီး (၃,၁၃၁) ဦး ကွယ်လွန်ခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) မှ အသိအမှတ်ပြုထားသည့် ကိုဗစ်ရောဂါကာကွယ်ဆေးအား အစောဆုံးထိုးပေးနိုင်ခဲ့သည့်နိုင်ငံများတွင် ပါဝင်ခဲ့ပြီး ရောဂါပိုးတွေ့သူနှင့်ထိစပ်မှုရှိခဲ့သူများ၊ ပိုးတွေ့ရှိသူများကို စနစ်တကျစီစစ်၍ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရေးဌာနများ နှင့် ဆေးရုံများသို့ အချိန်မီပို့ဆောင်ကာ အခမဲ့ဆေးကုသပေးခြင်းနှင့် ကျွေးမွေးခြင်းများကို ပြည်သူလူထုကိုယ်တိုင် ပူးပေါင်းပါဝင်ဆောင်ရွက်မှုဖြင့် စွမ်းဆောင်နိုင်ခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

အာဏာသိမ်းစစ်ကောင်စီလက်ထက် ကိုဗစ်-၁၉ တတိယလှိုင်း ဖြစ်ပွားချိန်တွင် ကျန်းမာရေးစောင့်ရှောက်မှုညံ့ဖျင်းခြင်းနှင့် စီမံခန့်ခွဲမှုအလွဲအမှားများကြောင့် ရောဂါကူးစက်ခံရသူ (၃၉၃,၈၁၄) ဦးထိ များပြားလာပြီး (၁၆,၁၇၈) ဦး သေဆုံးခဲ့ရပြီး ပြည်သူ့အစိုးရလက်ထက် ကိုဗစ်ကပ်ရောဂါလှိုင်း နှစ်ကြိမ်အတွင်း ရောဂါကူးစက်နှုန်းထက် (၂၈၁) ရာခိုင်နှုန်း ပိုမိုများပြားလာခဲ့သလို၊ သေဆုံးမှုနှုန်းမှာလည်း (၅၁၇) ရာခိုင်နှုန်းအထိ ပိုမိုဆုံးရှုံးခဲ့ရကြောင်း နှုိင်းယှဥ်ဖော်ပြထားသည်။

ပြည်သူလူထုအတွက်နေ့စဉ်လိုအပ်ချက်တစ်ခုဖြစ်သော လျှပ်စစ်ကဏ္ဍတွင် COVID-19 ကပ်ရောဂါ စတင် ဖြစ်ပွားချိန်က ပြည်သူသို့ အိမ်သုံးလျှပ်စစ်သုံးစွဲမှုအတွက် (၁၅၀)ယူနစ်ကို အခမဲ့သုံးစွဲခွင့်ပြု၍ ဓါတ်အားပြတ်တောက်မှု မရှိစေဘဲ ပြည် သူလူထုကို စောင့်ရှောက်ပေးနိုင်ခဲ့ကြောင်း၊ သို့သော်လည်း ယခုအခါ ဓါတ်အားပြတ်တောက်မှုများရှိလာလျှင် မည်သူမဆို ဆက်သွယ်မေးမြန်းနိုင်သည့် ဝန်ဆောင်မှုပေးသောကဏ္ဍဖြစ်သော call center သည်ပင် ယိုယွင်းပျက်ဆီးသွားပြီဖြစ်ပြီး လျှပ်စစ်ဓာတ်အား အချိန်ပြည့်မရရှိနိုင်တော့ဘဲ အလှည့်ကျ ဓာတ်အားဖြန့်ဖြူးပေးနေသည့် အခြေအနေ၊ မည်သည့်အချိန်မီးပျက်၍ မီးပြန်လာမည့်အချိန်ကိုလည်း ကြိုတင် မသိနိုင်တော့ဘဲ ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝအပေါ် ဆိုးကျိုးကြီးစွာ သက်ရောက်လျှက်ရှိနေကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် ပြည်သူ့အစိုးရလက်ထက်တွင် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးများ ပိုမိုတိုးတက်မှုရှိခဲ့သော်လည်း စစ်တပ်မှအာဏာသိမ်းယူခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှစ၍ လူသားမျိုးနွယ်စုအပေါ် ဥပဒေမဲ့ ညှဉ်းပမ်းနှိပ်စက်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ မီးရှို့ခြင်း၊ ပြည်သူတို့၏ အိုးအိမ်စည်းစိမ်များကို အဓမ္မလုယူ သိမ်းဆည်းခြင်း၊ လိင်ပိုင်းဆိုင်ရာကျူးလွန်ခြင်း၊ သတင်းလွတ်လပ်ခွင့် ကန့်သတ်ပိတ်ပင်ခြင်းစသည့် နည်းလမ်းမျိုးစုံ သုံးကာ အာဏာသိမ်းစစ်ကောင်စီက လူ့အခွင့်အရေးများကို ဆိုးရွားစွာ ပေါ်ပေါ်ထင်ထင်ချိုးဖောက်နေသည်ဟု ထောက်ပြထားသည်။

မှတ်တမ်းများအရ မြန်မာနိုင်ငံတွင်လွတ်လပ်ရေးရပြီးနောက် ပြည်တွင်းပဋိပက္ခနှင့်မလုံခြုံမှုများကြောင့် တိုင်းရင်းသား ပြည်သူ (၃၄၀,၀၀၀)ခန့် ကာလကြာရှည်စွာ အိုးမဲ့အိမ်မဲ့ နေရပ်စွန့်ခွာနေထိုင်ခဲ့ရပြီး အာဏာသိမ်းခဲ့သည့် တစ်နှစ်တာအတွင်း နိုင်ငံတစ်ဝန်း၌ ပြည်တွင်းပဋိပက္ခများနှင့်မလုံခြုံမှုများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသော အပြစ်မဲ့တိုင်းရင်းသားပြည်သူ (၃၈၅,၇၀၀) ကျော်ရှိနေခဲ့ပြီဖြစ်ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီ အာဏာသိမ်းယူထားသည့် ကာလအတွင်း နိုင်ငံတစ်ဝန်းလုံး၌ ဥပဒေမဲ့မီးရှို့ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်းများ များစွာ ဖြစ်ပေါ်ခဲ့ရာ ချင်းပြည်နယ် ထန်တလန်မြို့တွင် အကြိမ်ကြိမ်မီးရှို့ခံရမှုကြောင့် ဘာသာရေးအဆောက်အဦများ အပါအဝင် ပြည်သူ့အိုးအိမ် (၅၅၀) ကျော် ဆုံးရှုံးခဲ့မှုအပြင် ကယားပြည်နယ် ဖရူဆိုမြို့နယ်တွင် ကလေးငယ်လေးဦးအပါအဝင် ပြည်သူ (၃၅) ဦးကို အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခြင်းခံခဲ့ရကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ဤဖြစ်စဉ်များနည်းတူ လူသားမျိုးနွယ်တစ်ခုလုံးအား ထိခိုက်စေသည့် ရာဇဝတ်မှုများ၊ စစ်ရာဇဝတ်မှုများ နိုင်ငံတစ်ဝန်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပြီး ပါဝင်ပတ်သက်ကျူးလွန်သူများကို ချွင်းချက်မရှိ တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်အောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြိုးပမ်းလုပ်ဆောင်သွားမည်ဟူလည်း အသိပေးထားသည်။

နိုင်ငံတစ်ဝန်းရှိ တိုင်းရင်းသားပြည်သူများ၊ပြည်သူ့ ဝန်ထမ်းများ၊ နိုင်ငံတကာရောက် နိုင်ငံသားများသည် ဒီမိုကရေစီထွန်းကားရေး၊ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး၊ လူ့အခွင့်အရေးနှင့် မိမိတို့၏ အချုပ်အခြာအာဏာအား ပြန်လည်ရရှိနိုင်ရေးတို့အတွက် စစ်အာဏာသိမ်းကာလအတွင်း ကြုံတွေ့ရသည့် ခြိမ်းခြောက်ဖိနှိပ်တားဆီးမှု အမျိုးမျိုးကိုရင်ဆိုင်၍ မလျော့သောဇွဲလုံ့လတို့ဖြင့် ယခုထက်တိုင် ဆန့်ကျင်တွန်းလှန်လျက်ရှိကာ တိုင်းရင်း သားပြည်သူများ၏ မိမိကိုယ်ကိုယ် ခုခံကာကွယ်နိုင်ခြင်းကြောင့် စစ်ကောင်စီ၏ နယ်မြေဒေသစိုးမိုးမှုများစွာ လက်လွတ် ဆုံးရှုံးခဲ့ရပြီး နိုင်ငံတကာတွင်လည်း စစ်ကောင်စီအပေါ် ကမ္ဘာ့နိုင်ငံအသီးသီး၏ ထောက်ခံအသိအမှတ်ပြုမှု မရရှိအောင် ပြုလုပ်နိုင်ခဲ့သည့်အတွက် တိုင်းရင်းသားပြည်သူအပေါင်း၏ အားထုတ်ရုန်းကန်မှုများကို NLD ဗဟိုအလုပ်ကော်မတီ က ဂုဏ်ပြုမှတ်တမ်းထားသည်။

ထို့အပြင် နိုင်ငံရေးအကျဉ်းသားများအား လုံးချွင်းချက်မရှိ အမြန်ဆုံး ပြန်လည်လွတ်မြောက်ရေး၊ ပြည်သူတို့၏ စစ်မှန်သောအချုပ်အချာအာဏာ ပြန်လည်ရရှိစေရေး၊ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ ကြေညာစာတမ်းပါ ကတိကဝတ်တို့ကို ဖော်ဆောင်လျက် ဒီမိုကရေစီရှင်သန်ထွန်းကားရေး၊ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး လုပ်ငန်းတို့ကို မည်သို့သော ဥပဒေမဲ့ ဖိနှိပ်ချုပ်ချယ်တားဆီးမှုများ ရှိနေစေကာမူ အဖွဲ့ချုပ်ခေါင်းဆောင်များ၏ ဦးဆောင်မှုကို မမှိတ်မသုန်ခံယူပြီး၊ ပြည်သူတို့နှင့်အတူ ပြတ်သားစွာရပ်တည်၍ မိတ်ဖက် အဖွဲ့ အစည်းများနှင့်ပူးပေါင်းကာ ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်ကော်မတီ က သတင်းထုတ်ပြန်ခဲ့သည်။

Red News Agency

By Editor