စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် ပြည်သူ ၇ ဦးတွင် ၂ ဦးသေ၊ ၄ ဦးပျောက်နေပြီး ၁ ဦးသာလွှတ်မြောက်

RNA_ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၂၂ ခုနှစ်။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ကင်းကျေးရွာမှ ပြည်သူ (၇) ဦးကို စစ်ကောင်စီတပ် စစ်ကြောင်းက ဖမ်းဆီးခဲ့ရာတွင် ၂ ဦးသေဆုံးပြီး ၄ ဦးပျောက်ဆုံးနေကာ ၁ ဦးသာ လွတ်မြောက်ခဲ့ကြောင်း သိရသည်။

ချင်းတွင်းမြစ်ကြောင်းတိုင်း ဆန်တက်လာသည့် စစ်ကောင်စီတပ်ရေယာဉ်အုပ်စုမှ စစ်ကြောင်းသည် ဇန်နဝါရီလ ၂၉ ရက်နေ့က ကင်းကျေးရွာရောက်ရှိပြီး ပြည်သူ (၇) ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ အသက် ၃၆ နှစ်အရွယ် အမျိုးသားသည် ညှပ်ရိုးနှစ်ဖက်အောက် ထိုးသွင်းမွှေဓားဒဏ်ရာ၊ ကြောထိုးသွင်းမွှေဓားဒဏ်ရာဖြင့် ၁ ဦးသာ ထွက်ပြေးလွတ်မြောက်လာသည်ဟု ကနီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ‌ယနေ့ထုတ်ပြန်ထားသည်။

အသက် ၅၈ နှစ်အရွယ်အမျိုးသား လည်ပင်း၊ ဘယ်ဘက်ရင်အုံ ဓားထိုးသွင်းမွှေဒဏ်ရာ ၊ နဖူးမျက်ခုံးပြတ်ရှဒဏ်ရာဖြင့်သေဆုံးနေပြီး၊ အသက် ၂၅ နှစ်အရွယ် အမျိုးသားမှာလည်း လည်ပင်း ဓားဒဏ်ရာဖြင့်သေဆုံးနေကြောင်း၊ အသက် ၅၃ နှစ်၊ အသက် ၃၈ နှစ်၊ အသက် ၃၅ နှစ်အရွယ် အမျိုးသား ၃ ဦးနှင့် အသက် ၃၇ နှစ်အရွယ် အမျိုးသမီး ယခုတိုင် ပျောက်နေဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကင်းကျေးရွာမှ ပြည်သူ သေဆုံးနှင့် ပျောက်ဆုံး (၆) ယောက်အပြင် စစ်ကောင်စီစစ်ကြောင်းရောက်ရှိစဉ် ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ကြောင်းထွက်သွားမှ အိမ်ပြန်လာသည့် ကလေးသုံးယောက်၏ မိခင်တစ်ဦးမှာလည်း စစ်ကောင်စီတပ်က မီးဖိုချောင် ကြောင်အိမ်အတွင်း မိုင်းထောင်ထားရာမှ ပေါက်ကွဲပြီး ယနေ့ နံနက်က သေဆုံးသွားကြောင်း သိရသည်။

Red News Agency

By Editor