ဒီးမော့ဆို အရှေ့ဖက်ခြမ်းက စစ်ရှောင်တွေရဲ့ အခြေအနေ

အားလုံးရဲ့ အိမ်မက်ဟာ အိမ်ပြန်ရဖို့ပါပဲ။ ကိုယ်ရှောင်ရှားနေရတဲ့ အန္တရာယ်ကြီးက အိမ်ဘေးမှာ ရှိနေတာကို ဘယ်သူကများ နေရဲမှာလဲ။ အားလုံးက တော့ရွာမှာ မနေရဲပေမယ့် တစ်ချို့ကတော့ ရွေ့ပြောင်းဖို့သယ်ယူ ပို့ဆောင်ဖို့ ခက်ခဲနေတဲ့ စစ်ရှောင်အချို့ကတော့ ရွာထဲမှာ ခေတ္တစောင့်ဆိုင်းရင်း တစ်ခြားဘေးလွှတ်ရာကို ပြောင်းရွေ့ဖို့ လုပ်နေကြရ

July Phyo

ဒီးမော့ဆို အရှေ့ဖက်ခြမ်းက စစ်ရှောင်တွေရဲ့ အခြေအနေကို ကျနော် ဆက်သွယ်သိထားရသလောက် ပြောပြချင်ပါတယ်။ဒီးမော့ဆို အရှေ့ဖက်ခြမ်းမှာ ဇွန်လ ၁၇ ရက်နေ့က စပြီး စစ်ကောင်စီတွေ ကအင်အားအများအပြားနဲ့ ရောက်လာပြီး ထီးဖိုးကလိုး ရွာမှာ တပ်ဆွဲပါတယ်။ အပစ်ရပ်လို့ ရွာပြန်နေကြတဲ့ အရှေ့ဖက်ခြမ်း စစ်ရှောင်တွေက နောက်တစ်ကြိမ် ကပြာကယာ ပဲ တောထဲကို ပြန်ထွက်ပြေးခဲ့ကြရပါတယ်။

ဇွန်လ ၁၉ ရက်နေ့မှာ ရွာထဲကို ပက်မွှေပြီး အိမ်တွေထဲ ဝင်မွှေပါတယ်။ ပစ္စည်းတွေ ယူသွားပါတယ်။ တစ်ချို့ ကွန်ပျူတာ အချို့တောင်ပါသွားပါတယ်။ ရွာမှာ ကျန်ခဲ့တဲ့ တိရိစ္ဆာန် အချို့ကလည်း သူတို့ ဟင်းအိုးထဲရောက်နိုင်ပါတယ်။ ဇွန်လ ၁၉ ရက်နေ့မှာပဲ ထီးဖိုးကလိုး ရွာ အနီးဝန်ကျင်မှာ ရှိတဲ့ စစ်ရှောင်စခန်းဆီကို စစ်ကောင်စီ တပ်တွေ ရောက်လာပြီး စစ်ရှောင်တွေအတွက် ဆေးကုသမှု ပေးတဲ့ အထိုင်ဆေးခန်းကို ဝင်ပြီး တပ်ဆွဲလိုက်ပါတယ်။ အထိုင်ဆေးခန်းကို ရွာထဲမှာ လုပ်ထားချင်ပေမယ့် စစ်ကောင်စီ တပ်တွေရဲ့ အန္တရာယ် ကိုကြောက်လို့ တောထဲမှာ လာဖွင့်ထားခဲ့ရတာ ဖြစ်ပါတယ်။ အဲ့ဒီမှာ စစ်တပ်ဟာ နေရာဝင်ယူလိုက်ပြီး စစ်ရှောင်အချို့ကို ရေခပ်ခိုင်းတာ ထမင်းချက်ခိုင်းတာတွေ ခိုင်းပါတယ်။ စစ်ရှောင်တွေ ကို ရွာပြန်ခိုင်းပါတယ်။

Photo: CJ

ဒေသခံစစ်ရှောင် တစ်ဦးရဲ့ ပြောပြအချက်အရ ဒီစစ်ရှောင်စခန်းတွေ နေရာတွေဟာ ပြောပြမယ့်သူ လမ်းပြပေးမယ့်သူ မရှိရင် စစ်ကောင်စီတပ်တွေဟာ ရောက်မလာနိုင်ပါဘူး။ လွယ်လွယ်နဲ့ ဝင်ချင်တဲ့အိမ်တွေကို တန်းတန်းမက်မက်ဝင်တယ်။ စစ်ရှောင်စခန်းတွေဆီ လွယ်လွယ်ကူကူပဲ ရောက်လာတာဟာ သာမန် သွေးရိုးသားရိုး မဟုတ်ပဲ သတင်းပေးတာ လမ်းပြပေးတာလုပ်တဲ့ ဒလံရှိနေတာကြောင့် လို့ပဲ ဒေသခံတွေက ထင်မြင်နေကြပါတယ်။

နေ့စဥ်ရက်ဆက် စစ်ကောင်စီတပ်တွေဟာ ဒီးမော့ဆို အရှေ့ဖက်ခြမ်းက ကျေးရွာတွေကို ခြေလျင် ဖြင့် ပက်လည် လျှောက်သွားနေပြီး ရောက်တဲ့ ရွာမှာ တပ်ဆွဲပါတယ်။ အဲ့လို နားတဲ့ ရွာရောက်ရင် ရှိတဲ့ ရွာသားကို ထမင်းချက်ခိုင်း ရေခပ်ခိုင်း ဟိုခိုင်းဒီခိုင်း လုပ်တဲ့အပြင် အရက်ပါဝယ်ခိုင်းတယ်လို့ သိရပါတယ်။ ဒီအခြေနေမျိုးမှာ ဘယ်ရွာသားက ရွာပြန်နေရဲမှာလဲ ။

ဇွန်လ ၂၁ ရက်နေ့မှာ စစ်ရှောင်ရှိတဲ့နေရာထိ စကစတပ်တွေ ရောက်ရှိလာပြီး စစ်ရှောင်တွေကို အိမ်ပြန်နေဖို့ ထပ်မံအတင်းအကျပ် ဖိအားပေးက မောင်းပြန်ပါတယ်။ ဒေသခံ စစ်ရှောင်တွေဟာ ကြောက်ရွံ့ပြီးမဖြစ်မနေ ရွာပြန်ကြရပါတယ်။ အများစုက ရွာမှာမနေရဲပါဘူး။ ဒါကြောင့် စစ်နဲ့ဝေးနိုင်မယ်ထင်တဲ့ မြို့ပေါ် (နေရာတော့ မဖော်ပြလိုပါ) ကို ယာယီပြောင်းရွေ့ ခိုလှုံကြဖို့ အမြန်အဆန်ပဲ ပြင်ဆင်ကြရပြန်ပါတယ်။ ရွာထဲမှာ ဘယ်သူမှ မနေရဲပါဘူး။

Photo: CJ

ဇွန်လ ၂၁ ရက်နေ့ကနေ ဒီနေ့ထိ ယာယီခိုလှုံမယ့် မြို့ပေါ်ကို ရွေ့ပြောင်းဖို့ ဘာသာရေး ခေါင်းဆောင်အချို့ရဲ့ ကူညီ ကို ယူနေရပေမယ့် သွားရတဲ့ လမ်းကြောင်း တစ်လျှောက်ဟာ စစ်ကောင်စီတပ်တွေ တောက်လျှောက် ရှိနေတာကြောင့် စွန့်စွန့်စားစားနဲ့ကို ပြောင်းရွေ့နေရပါတယ်။ စစ်ရှောင်တွေဟာ ဘာမှ မသိတဲ့ စစ်နဲ့ ဆန့်ကျင်ဖက်ကို ပြေးလွှားနေရတဲ့ သူတွေမို့ အခုလို ပြောင်းရွေ့ ကြတဲ့အပေါ် ဘာမှ ဘယ်လက်နက်ကိုင်မှ (စစ်တပ်ကို အဓိက) အန္တရာယ် မပြုဖို့လိုအပ်ပါတယ်။ ရွေ့ပြောင်းနေရတာဟာ အင်မတန်ခက်ခဲပါတယ်။ ဒါတွေဟာ စစ်ရှောင်လုံခြုံရေးဖြစ်လို့ မပြောတော့ပါဘူး။

ကိုယ့်နေရပ် ကိုယ့် ရွာမှာ ပြန်မနေချင်တဲ့ စစ်ရှောင်မရှိပါဘူး။ အားလုံးရဲ့ အိမ်မက်ဟာ အိမ်ပြန်ရဖို့ပါပဲ။ ကိုယ်ရှောင်ရှားနေရတဲ့ အန္တရာယ်ကြီးက အိမ်ဘေးမှာ ရှိနေတာကို ဘယ်သူကများ နေရဲမှာလဲ။ အားလုံးက တော့ရွာမှာ မနေရဲပေမယ့် တစ်ချို့ကတော့ ရွေ့ပြောင်းဖို့သယ်ယူ ပို့ဆောင်ဖို့ ခက်ခဲနေတဲ့ စစ်ရှောင်အချို့ကတော့ ရွာထဲမှာ ခေတ္တစောင့်ဆိုင်းရင်း တစ်ခြားဘေးလွှတ်ရာကို ပြောင်းရွေ့ဖို့ လုပ်နေကြရပါတယ်။

စစ်ရှောင် မှာ ကလေးတွေ ၊ မီးဖွားထားတဲ့ အမျိုးသမီးတွေ ၊ ကျန်းမာရေးမကောင်းသူတွေ၊ မသန်စွမ်းတွေ ၊ သက်ကြီးရွယ်အို တွေ အဲ့ထဲမှာမှ လမ်းမလျှောက်နိုင်ဘဲ လေဖြတ်နေတဲ့ သက်ကြီးရွယ်အို တွေပါနေပြီး တော့ သူတို့ကို သယ်ယူရွေ့ပြောင်းဖို့က အရမ်းခက်ခဲနေပါတယ်။

Photo:CJ

စစ်တပ်တွေ ရောက်လာတဲ့ ကျေးရွာအနီး က စစ်ရှောင်တွေဟာ စစ်တပ်ရဲ့ အတင်းကျပ်ဖိးအားပေးမှုကြောင့် စခန်းကို စွန့်ခွာပြီး နေရာ ပြောင်းရွေ့မှုတွေ လုပ်နေ​ကြရပါတယ် ။ ဒါပေမယ့် ဝေးလံတဲ့ နေရာက စစ်ရှောင်စခန်းတွေလည်း ရှိနေပါတယ်။ အလှူရှင်တွေအနေနဲ​ အရှေ့ဖက်ခြမ်း တစ်ခုလုံးက စစ်ရှောင်တွေ ပြောင်းရွေ့သွားပြီ ထင်မှာဆိုးလို့ပါ။ စစ်ရှောင်တွေ များစွာရှိနေပါသေးတယ်။

ဒီးမော့ဆို အရှေ့ဖက်ခြမ်းရဲ့ စစ်တပ်မရောက်သေးတဲ့ ကျေးရွာအများစုဟာ ဆန်စံပါးစိုက်ပျိုးမှုမရှိပဲ ဆန်ကို ဝယ်ယူစားသုံးတာပဲ ဖြစ်လို့ စာနပ်ရိက္ခာ ဟာ အတော်လေး ရှားပါးနေပါတယ်။ ဆန်နဲ့ စားနပ်ရိက္ခာအခြောက်တွေ များစွာလိုအပ်နေပါတယ်။ ဖြတ်လေးဖြတ် နီးနီးကို လုပ်ဆောင်ခံထားရတဲ့ အခြေနေမှာ အလှူရှင်တွေ ကိုပဲ အားကိုးရတော့မှာ ဖြစ်လို့ ဒီးမော့ဆိုအရှေ့ဖက်ခြမ်းကို ပါ အာရုံစိုက် ကူညီပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်။ စစ်ရှောင်ကူညီပေးရေး လုပ်နေတဲ့ စေတနာ့ဝန်ထမ်းတွေ ကလည်း လုပ်ကိုင်ရ အရမ်းကို ခက်ခဲနေတဲ့ အခြေနေမျိုးပါ။ ကုန်ကုန် ပြောရရင် အသက်စွန့်ပြီး သွားလာနေရတဲ့ အနေထားမျိုးပါ။ ဆန်ကို ဝယ်ယူဖို့ကလည်း ခက်ခဲပါတယ်။

တောထဲမှာ ရှိနေတဲ့ စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေပြီး ကျန်းမားရေးနဲ့ ပက်သက်ပြီးတော့လည်း ခက်ခဲမှုတွေ ရှိနေပါတယ်။ လက်ရှိမှာ အချိန်ပြည့် ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်တဲ့ ဆရာဝန် ဆရာမတွေ ရှိမနေတာကြောင့် ဒေသခံတွေကပဲ ကိုယ့် ဘာသာ လုပ်ကိုင်နေရတဲ့ အခြေနေမျိုးပါ။ ဆရာဝန် ဆရာမတွေက စစ်ရှောင်တွေဆီ လှည့်လည်သွားလာ ကူညီမှုတွေ ပေးနေပေမယ့် ဆရာဝန်တွေ ရောက်လာတဲ့ နေ့ပဲ အဆင်ပြေပြီး နောက်တစ်ရက်အတွက်က ခက်ခဲပါတယ်လို့ ဒေသခံ စစ်ရှောင်တွေဆီက သိရပြီး စခန်းမှာ အထိုင် နေထိုင်ပြီးနေ့စဥ် ကူညီ ကုသမှုပေးနိုင်တဲ့ ကျန်းမာရေး စေတနာ့ ဝန်ထမ်းမျိုးကို စစ်ရှောင်တွေက အလိုရှိနေပါတယ်။ ဒါဟာ လက်တွေ့မှာ ခက်ခဲမှန်း သိပေမယ့် စစ်ရှောင်တွေရဲ့ ဆန္ဒကိုပြောပြတာပဲ ဖြစ်ပါတယ်။

Photo: CJ

အပစ်ခက်ရပ်စဲထားတဲ့ ဇွန်လ ၁၅ ရက်နေ့ကနေစပြီးတော့ စစ်ကောင်စီတပ်တွေဟာ အင်အား တိုးချဲ့ပြီး ဒီးမော့ဆို အရှေ့ဖက်ခြမ်းကို နယ်မြေရှင်းလင်းထောက်လှမ်းမှုများ လုပ်နေသလို ကျေးရွာများအတွင်း တပ်ဆွဲ၍ အကြမ်းဖက် ဆန်ဆန် လုပ်ရပ်တွေ လုပ်ကိုင်နေတာကြောင့် အချိန်မရွေး တိုက်ပွဲပြန် ဖြစ်ပွားနိုင်တဲ့ ထိလွယ်ရှ လွယ် အခြေနေမှာရှိနေပါတယ်။ ဒီလိုအရေးတွေကြောင့် ဒေသခံတွေဟာ နေရပ်မှာ ပြန်မနေရဲကြပါဘူး။

စစ်ကောင်စီတပ် အင်အား (၁၀၀) ကျော်ဟာ ဒီးမော့ဆို အရှေ့ဖက်ခြမ်းရွာတွေကို နေ့စဥ် လှည့်ပက် သွားနေပြီး ရောက်တဲ့ ရွာမှာ တပ်ဆွဲမှုတွေ လုပ်ပါတယ်။ ဒီနယ်မြေတွေဟာ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့တွေရဲ့ နယ်မြေတွေထဲ ဖြစ်လို့ အချိန်မရွေး သေနတ်ပြန်ပေါက်နိုင်တဲ့ အခြေနေပါ။ စစ်ကောင်စီတပ်တွေဟာ အဲ့လို အခြေနေများ ဖန်းတီးနေတာလား လို့လည်း တွေးစရာ ဖြစ်လာပါတယ်။ ဒီလို အခြေနေမှာ စစ်ရှောင်တွေဟာ နေရပ်ပြန်မနေရဲကြပါဘူး။ စစ်တပ်ကလည်း ရွာထဲ ပြန်နေဖို့ သူတို့လက်လှမ်းမှီတဲ့ စစ်ရှောင် အချို့ကိုအတင်းအကြပ် ဖိအားပေး စေခိုင်းနေတဲ့ အခြေနေမျိုးလို့ သိရပါတယ်။

Photo: CJ

စစ်ရှောင်တွေက ဒီးမော့ဆို အရှေ့ဖက်ခြမ်းပဲလားဆိုရင် မဟုတ်ပါဘူး။ အရပ်လေးမျက်နှာ မှာရှိပါတယ်။ အားလုံးက အကူအညီတွေ လိုအပ်နေကြပါတယ်။ ဒါပေမယ့် စစ်ကောင်စီ တပ်တွေ ဝင်ရောက်နေတာ ဒီးမော့ဆို အရှေ့ဖက်ခြမ်းကို ဖြစ်တာရယ် အရှေ့ဖက်ခြမ်းက စစ်ရှောင်တွေနဲ့ စကား ပြောဖြစ်တာရယ်ကြောင့် ကျနော် သိတဲ့ အခြေနေမျိုးကို ပြောပြခြင်းသာ ဖြစ်ပါတယ်။

အချုပ်အားဖြင့် ဒီးမော့ဆို အရှေ့ဖက်ခြမ်းမှာ စစ်ကောင်စီတပ်တွေ လှည့်လည်နေတာ (၈)ရက်နီးပါးရှိနေပါပြီ။ စစ်ရှောင်တွေဟာလည်း အခက်ခဲများစွာရှိနေပါတယ်။ အတင်းအကြပ် နေရပ်ပြန်ခိုင်းခံရတဲ့ စစ်ရှောင်တွေဟာ တခြား နေရာကို ပြောင်းရွေ့နေရပါတယ်။ စစ်ရှောင်တွေကို ကူညီပေးကြပါ။ တောထဲမှာ ကျန်ရှိနေတဲ့ စစ်ရှောင်စခန်းတွေဟာ စားနပ်ရိက္ခာ နဲ့ ဆန်ကို အဓိက လိုအပ်နေပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှု ပေးမယ့် ဆရာဆရာမ အချိန်ပြည့်ရှိမနေလို့ ဆေးကုသမှုအပိုင်းမှာ များစွာ အခက်ခဲ ဖြစ်နေပြီး စခန်း မှာ အထိုင် လာရောက်နေထိုင်ပြီး ဆေးကုသမှု ပေးနိုင်မယ့် စေတနာ့ဝန်ထမ်း ကျန်းမာရေး လုပ်သားကို စစ်ရှောင်တွေက အလိုရှိနေပါတယ်။ မိုးရာသီရောက်လာပြီ ဖြစ်လို့ နေထိုင်ရေးတွေလည်း ခက်ခဲ လာနေပြီး အဓိက စားနပ်ရိက္ခာ နဲ့ ဆေးဝါးအတွက် အလှူရှင်တွေ လိုအပ်နေသေးပြီး ကူညီပေးကြဖို့ စစ်ရှောင်တွေက အလိုရှိနေပါတယ်။ အလှူရှင်တွေ သွေးအေးသွားမှာ စိုးရိမ်​နေကြပြီး ပိုခက်ခဲလာတဲ့ အခြေနေတွေ ဖြစ်နေလို့ အလှုရှင်တွေ စစ်ရှောင်ကူညီပေးသူတွေအနေနဲ့ ဆက်ပြီး အကူအညီတွေ ပေးကြဖို့ စစ်ရှောင်နေသူ ဒေသခံတွေက အလိုဆန္ဒရှိ​နေကြပါတယ်။

Red News Agency

By Editor

Leave a Reply

Your email address will not be published. Required fields are marked *