ပြည်သူတွေအနေနဲ့”အောင်စိတ်”နဲ့သာ ယုံနေဖို့၊အထိအခိုက်အကျအဆုံးအနဲဆုံးနည်းတွေနဲ့ ပြင်ဆင်ဖို့၊မျိုးဆက်တခုနဲ့တခုကြားစိတ်ဝမ်းကွဲသွေးခွဲစကားအပြုအမူတွေကို အဝင်မခံပဲတသားထဲ တခုထဲဖြစ်နေဖို့ပါပဲ
မင်းကိုနိုင်
တော်လှန်ရေးတိုင်းရဲ့ သင်္ကေတဟာ လှိုင်းလုံးကြီးများလိုပါ။ အမြင့်ဆုံးတက်လိုက် နိမ့်ကျလိုက် ပြီးရင် ကျရှိန်နဲ့ ပြန်မြင့်တက်လိုက် ၊ ဒီလိုနဲ့ပဲ လိုရာကမ်းခြေ ရောက်မြဲပါ။
မြို့ပြကြီးတွေရဲ့ လမ်းမလမ်းခွဆုံတွေမှာ အနုပညာရှင်တွေ၊ထင်ရှားသြဇာကြီးသူတွေနဲ့ အောင်လံစုံ တလူလူလွှင့်၊သပိတ်မျိုးစုံ၊ ပိုစတာစုံ၊ပါဖောင်းမင့်စုံတွေနဲ့၊ဝန်းရံသူတွေအပြည့်နဲ့လူပင်လယ်သပိတ်မျိုးလည်း ဖန်တီးနိုင်ခဲ့သလို၊လမ်းတွေပိတ်ဆို့ ခုခံကာကွယ်ရ၊ပြောက်ကြားသပိတ်ဆင်နွှဲရ၊လူမဲ့သပိတ်တွေနဲ့တုန့်ပြန်ရတာတွေဟာလည်းရှိရမြဲပါ။ ကြုံသမျှအခြေအနေအပေါ်ရရာနည်းနဲ့ အာခံပြ၊အညံ့မခံတွန်းလှန်ဆဲဖြစ်ကြောင်းကမ္ဘာကိုပြရတာပါပဲ။
လှိုင်းလုံးကြီးတွေကျရှိန်နဲ့ပြန်တက်ချိန်ကို ကြိုပြင်ကြရာမှာ ယုံကြည်မှုသာ အင်အားပါ။ CDM သပိတ်တွေကြောင့် စစ်ကောင်စီဟာ အစိုးရဖြစ်ခွင့်တောင် အိပ်မက်မက်ခွင့်မရှိအောင် ယန္တယားတွေ ဆွံ့အသွားပါပြီ။ တိုင်းရင်းသားဒေသတွေမှာ EAO အပါအဝင်အဖွဲ့အစည်းပေါင်းစုံရဲ့ လုပ်နိုင်စွမ်းစည်းရုံးနိုင်စွမ်းတွေကြောင့် CDM ဝန်ထမ်းတွေ စစ်ကောင်စီရဲ့ လက်နက်ကိုင်တွေ စုပေါင်းအင်အားရာကျော်ထောင်ချီ ခိုလှုံပူးပေါင်းလာကြလို့ နေရာချစီစဥ် ဆောင်ရွက်မှုတွေ လက်မလည်အောင်လုပ်နေရပါပြီ။
နိုင်ငံတကာမျက်နှာစာကိုတချက်ကြည့်ပေးပါ။ Scandinavian တိုင်းပြည်တွေအပါအဝင် EU နိုင်ငံများ၊ ဗြိတိန်၊ အမေရိကန် တို့မှ သံအမတ်ကြီးများရဲ့ ထုတ်ပြန်ချက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့သူရဲဘောကြောင်ရမ်းကားမှုတွေအပေါ် ပြင်းထန်တဲ့ တုံ့ပြန်မှုတွေတွေ့ရမှာပါ။ ပါးစပ်နဲ့ဟန့်မရရင် လက်ပါကြရစမြဲပါ။ အရေးယူဆောင်ရွက်မှုတွေတန်းစီနေပါတယ်။
သပိတ်အပါအဝင် အင်အားပေါင်းစုံရဲ့ ပေါင်းစုမှုနဲ့ ပန်းတိုင်ကိုကြည့်ပါ။ ဖက်ဒရယ်ဒီမိုကရေစီပါ။နိုင်ငံရေးအနှစ် သာရ အပြည့်နဲ့သဘောတူမှုအပြည့်နဲ့ပါ။ဒီမိုကရေစီနဲ့ဖက်ဒရယ်ဟာ ငွေစက္ကူတချပ်ရဲ့ မျက်နှာနှစ်ဖက်လို ကျောချင်းကပ်ခွာမရတော့အောင်တသားထဲဖြစ်သွားပါပြီ။ ပြည်ထောင်စုသွေးချင်းတွေရဲ့ ညီညွတ်မှုအား ပြယုဂ်ကောင်းပါ။
တိုင်းရင်းသားတွေကို ကြည့်မယ်ဆိုရင် လက်နက်ကိုင်အဖွဲ့နဲ့ နိုင်ငံရေးပါတီတွေကိုကြည့်ယုံနဲ့ မပြည့်စုံပါဘူး။ ဥပမာ တခုပဲ ပြောပါမယ်။ KPICT ကိုကြည့်ပါ။ ယခင် လူသိများတဲ့ KIO / KIA တင်မက ကချင်လူထုလူတန်းစားအလွှာအသီးသီး၊ လူမှုအဖွဲ့၊ဘာသာရေးဆိုင်ရာခေါင်းဆောင်များ၊ကမ္ဘာအနှံ့က မျိုးဆက်အစုံတွေပေါင်းစုထားတာပါ။အဖွဲ့ပေါင်းစုံ ရာချီပေါင်းမိသွားတာမျိုးပါ။ဖက်ဒရယ်ဒီမိုကရေစီအတွက် အပြည့်ပူးပေါင်းနေပါပြီ။
ဒါ ဥပမာ တခုပဲ ရှိပါသေးတယ်။ကျန်တိုင်းရင်းသားလူမျိုးစုတွေလည်း ကိုယ်စီနီးစပ်တူရာစုဖွဲ့တော်လှန်နေပါပြီ။ CRPH နဲ့ ပြည်သူအစိုးရအနေနဲ့လည်း ထိုအဖွဲ့ပေါင်းစုံနဲ့ တိုင်ပင်ပြီး သဘောတူအခြေခံကောင်းတွေရထားပြီဆိုတာကျနော်တင်ပြခဲ့ပြီးသားပါ။ ဒေသတွင်းမှာလည်းတသက်လုံးငုပ်တုပ် ASEAN လိုအဖွဲ့အစည်းမျိုးတောင် လှုပ်လှုပ်ရွရွထတဲ့ပြီး မြန်မာအရေးကိုမဝင်မဖြစ်ဝင်ဖို့ ဦးဆောင်လှုံ့ဆော်နေပါပြီ။ အင်ဒိုနီးရှားသမ္မတရဲ့မိန့်ခွန်းနဲ့နှိုးဆော်ချက်ကိုသာ နမူနာဖတ်ကြည့်ကြပါ။ အားလုံးမဖြစ်မနေ အဖြေရှာကြရမယ်လို့ အချက်ပေးနေပါပြီ။ နေ့ချင်းညချင်းဆက်သွယ် စည်းဝေးဖို့ ပြင်နေပါပြီ။
ကမ္ဘာ့ကွန်ယက်ကြီးနဲ့ချိတ်ပြီး စစ်ကောင်စီရဲ့ ဘဏ္ဍာရေးကိုထိန်းချုပ်နိုင်စွမ်း၊သံတမန်နည်းလမ်းအရပြည်သူ့အစိုးရဖက်က အမြင့်ဆုံးအသာစီးရနေမှုတွေရှာဖွေသုံးသပ်မြင်နိုင်ကြရင် မြန်မာ့နွေဦးအရေးတော်ပုံဟာပင်လုံးကျွတ်ပုရစ်ဖူးတွေ ဝေသစ်နေတာ သေချာတွေ့ရမှာပါ။ကုလသမဂ္ဂမှာလည်းလမ်းကြောင်းများစွာကျန်ပါသေးတယ်။ဖြစ်နိုင်ချေ၊စွမ်းနိုင်ချေ အပြည့်နဲ့ပါ။
ကုလရဲ့ UNSC လုံခြုံရေးကောင်စီမှာ မြန်မာအရေးအတွက် သဘောတူကြေညာချက် ၂ ကြိမ်ရတယ်ဆိုတာ၊ ရခဲတဲ့အောင်မြင်မှုတွေပါ။တဆင့်ခြင်းတက်ရတာတွေရှိပါတယ်။ကုလလူ့အခွင့်အရေးကောင်စီ၊ အထွေထွေညီလာခံစသဖြင့်အခွင့်အလမ်းကောင်းများစွာအတွက် တာဝန်ရှိသူအားလုံးစွမ်းရည်အပြည့်အရယူပြကြဦးမှာပါ။ပြည်တွင်းမှာ အပစ်မဲ့ပြည်သူတွေအပေါ် စစ်ကောင်စီရဲ့ ကြမ်းကြုတ်ရက်စက်မှုတွေ လူ့ကျင့်ဝတ်လူ့ဂုဏ်သိက္ခာကိုစော်ကားကျုးလွန်မှုတွေ(လမ်းပေါ်ကအနိုင်ကျင့်မှုတွေ) ကိုမှတ်တမ်းတင်ပေးပို့ထားတဲ့ ပြည်သူတွေရဲ့တာဝန်ကျေမှုဟာ တကယ်စွမ်းခဲ့ပါတယ်။ ကမ္ဘာကြီးဘယ်လိုမှ သည်းမခံနိုင်တော့အောင် ရင်တွေကို ထိမှန်ခဲ့ပါတယ်။
အရေးယူဆောင်ရွက်မှုတွေ သွက်လက်ထိရောက်ဆက်တိုက်လာမှာပါ။ ပြည်သူတွေအနေနဲ့”အောင်စိတ်”နဲ့သာ ယုံနေဖို့၊အထိအခိုက်အကျအဆုံးအနဲဆုံးနည်းတွေနဲ့ ပြင်ဆင်ဖို့၊မျိုးဆက်တခုနဲ့တခုကြားစိတ်ဝမ်းကွဲသွေးခွဲစကားအပြုအမူတွေကို အဝင်မခံပဲတသားထဲ တခုထဲဖြစ်နေဖို့ပါပဲ။
CDM သမားတွေအတွက် သတင်းကောင်းရှိပါတယ်။အနာဂါတ်နိုင်ငံတော် အစိုးရယန္တယားမှာ ပြည်သူ့သစ္စာဖောက်များနဲ့ ဗျူရိုကရက်များအတွက်နေရာမရှိစေရ၊CDM ဝန်ထမ်းများ၊မျိုးဆက်သစ်ဝန်ထမ်းများနှင့်သာ၊ အစိုးရယန္တယားသစ် တည်မှာဖြစ်ကြောင်း မကြာခင် ကိုယ်ယောင်ထင်ရှားမြင်ရပါလိမ့်မယ်။
မဝေးတော့တဲ့ အနာဂါတ်မှာ ပြည်သူကိုနှိပ်စက်တဲ့စစ်တပ်နေရာရှိတော့မှာ မဟုတ်ပါ။ ဖက်ဒရယ်တပ်မတော်သာရှိလာပါလိမ့်မယ်။ရဲတပ်ဖွဲ့ဟာလည်းနိုင်ငံသားတွေကို စောင့်ရှောက်ကာကွယ်မည့်အသစ်ကျပ်ချွတ် ရဲတပ်ဖွဲ့သာဖြစ်လိမ့်မယ်လို့ အခိုင်အမာပြောပါရစေ။ လူငယ်မျိုးဆက်သစ်တွေ အတွက် ဖက်ဒရယ်တပ်မတော်၊ ရဲတပ်ဖွဲ့အသစ်ဖြစ်လာအောင် ပြင်ဆင်လေ့ကျင့်နေပါပြီ။
အရေးတော်ပုံအောင်ရမည်။