လေးကေ့ကော်မြို့တွင်းဝင်ပြီး နှောက်ယှက်ဖျက်ဆီးမှုသည် ငြိမ်းချမ်းရေးကို ဖျက်ဆီးလိုက်သည်ဟု KNU ဗဟို ထုတ်ပြန်

RNA_ဒီဇင်ဘာ ၁၆ ရက်၊ ၂၀၂၁ ခုနှစ်။

စစ်ကောင်စီတပ်များ လေးကေကော်မြို့ တွင်းသို့ ဝင်ရောက်လာပြီး နှောက်ယှက်ဖျက်ဆီးမှုများသည့် ငြိမ်းချမ်းရေးကို ဖျက်ဆီးလိုက်ခြင်းဖြစ်ပြီး၊ လူ့အခွင့်အရေးချိုးဖောက်ခြင်းများစွာကိုလည်း ပြုမူကျင့်သုံးနေခြင်းဖြစ်သည်ဟု ယနေ့ညတွင် KNU ဗဟိုက ထုတ်ပြန်လိုက်သည်။

အာဏာသိမ်း စစ်ကောင်စီ၏တပ်များ ဒီဇင်ဘာလ ၁၄ ရက်နေ့က လေးကေ့ကော်မြို့တွင်းသို့ ဝင်ရောက်ပြီး ရှာဖွေစစ်ဆေးမှုနှင့်ဖမ်းဆီးမှုပြုလုပ်နေချိန်တွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA တို့သည် စစ်ရေးပြင်ဆင်မှုအသင့်အနေအထားမှာရှိခဲ့ကြောင်း၊ ပစ်ခတ်မှုပြုလုပ်ပါက ပြည်သူလူထု အခက်အခဲများနှင့် ထိခိုက်သေဆုံးမှုများ ရှိလာမှာကို စိုးရိမ်သဖြင့် ပစ်ခတ်ခြင်းမပြုခဲ့ကြာင်း၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ထပ်မံဝင်ရောက်ပြီး ရှာဖွေစစ်ဆေး ဖမ်းဆီးမှုများလုပ်သည့်အပြင် ပြည်သူလူထု၏ နေအိမ်အချို့ကို ဖျက်ဆီးမှုများပြုလုပ်သောကြောင့် နံနက် ၁၀း၀၀ နာရီအချိန်တွင် KNLA တပ်ရင်း ၂၇ ( ပူးပေါင်းတပ်ဖွဲ့ ) နှင့် စစ်ကောင်စီ၏ တပ်တို့ကြား ထိတွေ့ပစ်ခတ်မှု စတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

” စစ်ကောင်စီ တပ်များ သည် လမ်းကြောင်းအမျိုးမျိုးရှာပြီး လေးကေ့ကော်မြို့ဝင်လာရန် ကြိုးစားကြသော်လည်း တာဝန်ရှိသူများ မှ ဝင်ခွင့်မပြုခဲ့ကြပါ။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၁၄) ရက် တွင်မူ လေးကေကော် မြို့တွင်းသို့ ဇွတ်အတင်း ဝင်ရောက်ပြီး ဖမ်းဆီးမှုများ ပြုလုပ်လာသောကြောင့် နောက်ဆက်တွဲ အနေဖြင့် တိုက်ပွဲများ ဖြစ်လာရခြင်း ဖြစ်ပါသည်။ ယခုကဲ့သို့ စစ်ကောင်စီတပ်များ လေးကေကော်မြို့ တွင်းသို့ ဝင်ရောက်လာပြီး နှောက်ယှက်ဖျက်ဆီးမှုများသည့် ငြိမ်းချမ်းရေးကို ဖျက်ဆီး လိုက်ခြင်း ဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက်ခြင်းများစွာ ကိုလည်း ပြုမူ ကျင့်သုံးနေခြင်း ပင်ဖြစ်ပါသည်” ဟု ယနေ့ည KNU ဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့ တိုက်ပွဲဖြစ်ပွားမှု (၂) ကြိမ်အတွင်း အာဏာသိမ်း စစ်ကောင်စီ၏ တပ်ဘက်မှ ဗိုလ်ကြီး ၁ ယောက်၊ တပ်ကြပ်ကြီး ၁ ယောက်နှင့် တပ်ကြပ် ၁ ယောက် အပါအဝင် စုစုပေါင်း ၄ ယောက် သေဆုံးပြီး၊ ဒုဗိုလ်မှူးကြီး ၁ ယောက်၊ ဗိုလ်ကြီး ၁ ယောက် နှင့် တပ်သား ၂ ယောက် စုစုပေါင်း ၄ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် အာဏာသိမ်း စစ်ကောင်စီ၏ တပ်များနှင့် နယ်ခြားစောင့်တပ် BGF တို့ပူးပေါင်းပြီး တပ်အင်းတိုးချဲ့ရန်အတွက် လာရောက်ရာတွင် ကျွန်းတောအရပ်၌ တစ်နေ့လုံးနီးပါး တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီ၏ တပ်ဘက်မှ ထိခိုက် ကျဆုံးမှု စာရင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA မှ အတည်ပြုဆဲဟု ထုတ်ပြန်ထားသည်။

Red News Agency

By Editor

Leave a Reply

Your email address will not be published. Required fields are marked *