RNA_နိုဝင်ဘာ(၂၆)၊၂၀၂၆ခုနှစ်။
မြန်မာနိုင်ငံအပေါ် နိုင်ငံတကာတရားရုံး (ICJ) က ချမှတ်ထားသည့် အမိန့်ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ အလုံးစုံ လိုက်နာမည်မဟုတ်ဘဲ အချို့ကိုသာ လိုက်နာဆောင်ရွက်မည်ဟု အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုဝင်ဘာ (၂၅) ရက်တွင် ပြောဆိုခဲ့သည်။
နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး၌ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ICJ ၏ မဲခွဲဆုံးဖြတ်မှုများနှင့်ပတ်သက်၍ လုပ်ဆောင်ရန်သင့်သည်များကို လုပ်ဆောင်သွားမည်ဖြစ်ပြီး လိုက်နာရန် မသင့်သည်များကို လိုက်နာဆောင်ရွက်မည် မဟုတ်ကြောင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ဂမ်ဘီယာနိုင်ငံက တင်သွင်းခဲ့သည့် ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဟူသော စွပ်စွဲတင်သွင်းချက်သည် တစ်ဖက်သတ် စွပ်စွဲချက်သာဖြစ်ကြောင်း၊ ယင်းအမှုကိစ္စကို (၇) နှစ်တာကာလအတွင်း တရားရုံးလုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ လူမျိုးသုဉ်းစေမှု (ဂျီနိုဆိုက်) အသုံးအနှုန်းသည် နိုင်ငံ၏ ဂုဏ်သိက္ခာကို ထိခိုက်စေကြောင်း မင်းအောင်လှိုင်က ပြောဆိုထားသည်။
ICJ ဆုံးဖြတ်ချက်နဲ့ပတ်သက်၍ စစ်အုပ်စု ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးကလည်း နိုဝင်ဘာ (၂၀) ရက် သတင်းစာရှင်းလင်းပွဲ၌ ICJ ဆုံးဖြတ်သည် တရားသူကြီး (၉) ဦးကသာ ထောက်ခံပြီး (၆) ဦးက ကန့်ကွက်ခဲ့ကြောင်း၊ ယင်းအခြေအနေသည် တညီတညွတ်တည်း သဘောတူဆုံးဖြတ်ချက် မဟုတ်ခြင်းကြောင့် မျှတမှုမရှိကြောင်း တုံ့ပြန်ပြောဆိုထားသည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့်လည်း အာဆီယံပဋိညာဉ်ကို လေးစားလိုက်ကြရန်လိုပြီး အဖွဲ့ဝင်နိုင်ငံများ၏ အချုပ်အခြာအာဏာနှင့် တည်ဆဲဥပဒေများကို လေးစားလိုက်နာရန်လည်း မင်းအောင်လှိုင်က ပြောဆိုထားသည်။
ယခု နိုဝင်ဘာလအတွင်း ဖိလစ်နိုင် မနီလာမြို့တွင် ကျင်းပခဲ့သည့် (၄၉) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး၌ မြန်မာနိုင်ငံအား အာဆီယံအစည်းအဝေးများမှ ဆက်လက်ဖယ်ကျဉ်ထားရန် ဆုံးဖြတ်ခဲ့ပြီး အာဆီယံဘုံသဘောတူညီချက် (၅) ရပ်ကို ဆက်လက်စွဲကိုင်ထားကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နှင့် လာမည့်နှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်မည့် စင်ကာပူတို့ကလည်း ICJ ၏ ဆုံးဖြတ်ချက်ကို အသိအမှတ်ပြုကြောင်း ထုတ်ပြန်ထားပြီး သက်ဆိုင်ရာနိုင်ငံများအနေဖြင့် ICJ ၏ ဆုံးဖြတ်ချက်ကို လိုက်နာရန်နှင့် နိုင်ငံတကာဥပဒေများကို လေးစားလိုက်နာရန် ပြောကြားထားသည်။
ICJ ၏ အပြီးသတ်အမိန့်ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်နိုင်ရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအစည်းအဝေးကို ခေါ်ယူရန် ယူကေနှင့် ပြင်သစ်တို့က တောင်းဆိုထားပြီး ယူကေနိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူးကိုလည်း နိုဝင်ဘာ (၁၉) ရက်တွင် နိုင်ငံတွင်းမှ နှင်ထုတ်ခဲ့ကြောင်း ယူကေအစိုးရက ထုတ်ပြန်ထားသည်။
#RedNewsAgency #REDNEWS #RNA #ဂျီနိုဆိုက် #စစ်ကောင်စီ #မင်းအောင်လှိုင်