ရိုဟင်ဂျာအရေးနှင့်ပတ်သက်ပြီး ပြည်သူ့ပါတီက “မြန်မာနိုင်ငံသားအားလုံး ညီညွတ်ကြလော့” ဟုဆိုကာ နိုင်ငံတော်မပြိုကွဲရေးသည် အားလုံး၏တာဝန်ဖြစ်သည်ဟုဆို

RNA_နိုဝင်ဘာ(၂၅)၊၂၀၂၆ခုနှစ်။

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က မြန်မာနိုင်ငံကို လူမျိုးသုဉ်း သတ်ဖြတ်မှု (Genocide) ကျူးလွန်သူများအဖြစ် စီချင်ချက်ချပြီးနောက် ၈၈ မျိုးဆက် ဦးကိုကိုကြီး ဦးဆောင်သော ပြည်သူ့ပါတီက “မြန်မာနိုင်ငံသားအားလုံး ညီညွတ်ကြလော့” ဟုဆိုကာ နိုင်ငံတော်မပြိုကွဲရေးသည် အားလုံး၏တာဝန်ဖြစ်ဟုဆိုကာ ICJ ၏ဆုံးဖြတ်ချက်ကို မကြေနပ်သည့် သဘောဖြင့် နိုဝင်ဘာ (၂၄) ရက်နေ့က ထုတ်ပြန်ကြေညာထားသည်။

နိုင်ငံတကာပဋိပက္ခများ၊ ကမ္ဘာ့အစီအစဉ်သစ်ပြန်လည်တည်ဆောက်ရေးအားပြိုင်မှုများ၊ ဒေသတွင်းဩဇာအာဏာတည်ဆောက်မှုများအတွင်း နိုင်ငံတော်မပြိုကွဲရေး၊ အချုပ်အခြာအာဏာနှင့်ပိုင်နက်နယ်မြေတည်တံ့ခိုင်မြဲရေးသည် နိုင်ငံသားအားလုံး၏တာဝန်ဖြစ်သည်ဟု ခံယူထားပြီး၊ အပြည်ပြည်ဆိုင်ရာတရားရုံး၏ စီရင်ချက်သည် နိုင်ငံတကာမိသားစုအတွင်း မြန်မာနိုင်ငံသားအားလုံးအတွက် ဂုဏ်သိက္ခာဆိုင်ရာသတ်ဖြတ်ခြင်းပင်ဖြစ်သည်ဟု ပြည်သူ့ပါတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၁ ခုနှစ်တွင် ပြည်သူ့အစိုးရထံမှ အကြမ်းဖက်အာဏာသိမ်းခဲ့ပြီးနောက် လမ်းမပေါ် ငြိမ်းချမ်းစွာ ဆန္ဒပြနေသော ပြည်သူများအပါအဝင် လေကြောင်းတိုက်ခိုက်မှုများစွာဖြင့် စစ်ရာဇဝတ်မှုများ ကျူးလွန်နေသော မင်းအောင်လှိုင် အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နေသော ဦးကိုကိုကြီးပါတီ ပြည်သူ့ပါတီသည် မင်းအောင်လှိုင်ဦးဆောင်သော စစ်တပ်မှ ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာလူမျိုးများအပေါ် လူမျိုးသုဉ်းသတ်ဖြတ်ခဲ့သည့်ကို နိုင်ငံပေါင်းများစွာက လက်ခံထားသော်လည်း ပြည်သူ့ပါတီက လက်မခံသည့် အခြေအနေတွင် ရှိနေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတော်သည် တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်းဟူသော လောကပါလ တရားများအပေါ်အခြေခံ၍ တည်ဆောက်သွားကြရမည်ဖြစ်ပြီး၊ နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားအားလုံး၏ တန်းတူညီမျှရေး၊ ဖက်ဒရယ်ရေး ကြိုးပမ်းဆောင်ရွက်မှုများ၊ နိုင်ငံသားအားလုံး၏ တန်းတူညီမျှရေး၊ ဒီမိုကရေစီအခွင့်အရေး၊ လူ့အခွင့်အရေး လှုပ်ရှားမှုများသည် အပြန်အလှန်လေးစားမှု၊ နားလည်ယုံကြည်မှုများကိုအခြေခံ၍ တည်ဆောက်သွားကြရမည်ဖြစ်သည်ဟုလည်း ပြည်သူ့ပါတီ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် မြန်မာစစ်တပ် (စစ်အုပ်စု)၏ အကြမ်းဖက်နှိမ်နင်းရေးနှင့် နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများကြောင့် ရိုဟင်ဂျာများကို အကြမ်းဖက်သတ်ဖြတ်မှု၊ အတင်းအဓမ္မ နေရပ်စွန့်ခွာစေမှုနှင့် အမျိုးသမီးများအပေါ် လိင်အကြမ်းဖက်မှုများ ကျူးလွန်ခဲ့သည့်အတွက် မြန်မာနိုင်ငံသည် ဂျီနိုဆိုက်ကျူးလွန်သည်ဟု နိုင်ငံတကာတရားရုံး (ICJ) က နိုဝင်ဘာ (၁၉) ရက်တွင် အပြီးသတ် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးနှင့် ပြစ်ဒဏ်ချမှတ်ရေးဆိုင်ရာ သဘောတူစာချုပ် ကျင့်သုံးမှုအရ မြန်မာ-ဂမ်ဘီယာအမှု၌ နိုင်ငံတကာတရားရုံး (ICJ) ၏ အပြီးသတ်အမိန့် ဆုံးဖြတ်ချက်အပေါ် ကြိုဆိုကြောင်း စင်ကာပူ နှင့် ဖိလစ်ပိုင် နိုင်ငံအပါအဝင် အခြားနိုင်ငံများကလည်း ထုတ်ပြန်ပြောကြားထားသော်လည်း မင်းအောင်လှိုင်အဖွဲ့ကတော့ တရားသူကြီးများ၏ တူညီသောသဘောဆန္ဒများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေအရ သက်သေပြရန် စံနှုန်းများ ဖြစ်သော သံသယကင်းလွတ်သည် အထိသက်သေပြရန် တာဝန်များသည် ယခုကဲ့သို့ လူမျိုးသုဉ်းသတ်ဖြတ်မှုကို ဆုံးဖြတ်ရာတွင် အထူးအလေးအနက်ထား ဆောင်ရွက်ရမည့်အချက်များ ဖြစ်သည်ဟုပြောကြားထားသည်။

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) ကလည်း ICJ ဆုံးဖြတ်ချက်သည် မြန်မာ့သမိုင်းအတွက် အရေးပါသည့် အချို့အကွေ့ တစ်ခုဖြစ်ခဲ့ပြီး မြန်မာအာဏာပိုင်များအနေဖြင့် ICJ ၏ ဆုံးဖြတ်ချက်ကို လိုက်နာရမည်ဖြစ်ကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအပါအဝင် အခြားနိုင်ငံများအနေဖြင့်လည်း လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရန်နှင့် အပြစ်ပေးရန် စွမ်းဆောင်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်ခြင်းဖြင့် ICJ ၏ ဆုံးဖြတ်ချက်ကို ထိန်းသိမ်းကာကွယ်ရန် လိုအပ်ကြောင်း ပြောကြားထားသည်။

#REDNEWS #RedNewsAgency #RNA

By Editor