နန်းတက်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရပြီး လသားအရွယ် ကလေးငယ် ၁ ဦးအပါအဝင် (၄) ဦးသေဆုံးပြီး အသက် ၁ နှစ်အရွယ် ကလေးကယ် (၁) ဦးအပါအဝင် (၉) ဦးထိခိုက်ဒဏ်ရာရ

RNA_နိုဝင်ဘာ(၂၂)၊၂၀၂၆ခုနှစ်။

အာရက္ခပြည်၊ ဝီရဌာနီ (ပေါက်တော) မြို့နယ်၊ နန်းတက်ကျွန်းရွာကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်မှ ယနေ့ (နိုဝင်ဘာ ၂၂ ရက်) လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် လသာအရွယ် ကလေးငယ် (၁) ဦးအပါအဝင် (၄) ဦးသေဆုံးခဲ့ပြီး၊ အသက် (၁) နှစ်အရွယ် ကလေးငယ် (၁) ဦးအပါအဝင် (၉) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြေင်း သိရသည်။

အရပ်သား ပြည်သူများကို လေကြောင်းဗုံးကြဲတိုက်ခိုက် သတ်ဖြတ်နေသော အာဏာသိမ်းစစ်တပ်၏ နန်းတက်ကျွန်းရွာ ဗုံးကြဲမှုအတွင်း မောင်ရန်နိုင်စိုး (အသက် ၅ လ)၊ မသက်သက်ဝင်း (အသက် ၁၆ နှစ်)၊ ကိုကျော်မင်းဌေး (အသက် ၂၀ နှစ်)၊ ဒေါ်နုချေ (အသက် ၄၃ နှစ်) တို့ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း၊ မောင်စိုးစိုး (အသက် ၂၄ နှစ်)၊ မစိုးနွယ်ဦး (အသက် ၅ နှစ်)၊ မပိုးနွယ်ချေ (အသက် ၁ နှစ်)၊ မောင်ခင်ဦး (အသက် ၁၂ နှစ်)၊ ဒေါ်ချိုချိုသန်း (အသက် ၃၈ နှစ်)၊ ဒေါ်စိန်နုခိုင် (အသက် ၇၅ နှစ်)၊ ဦးမောင်ဇံ (အသက် ၄၀ နှစ်)၊ မမျိုးချစ်နွယ်(အသက် ၉ နှစ်) နှင့် မရွှေခိုင်ဦး (အသက် ၇ နှစ်)တို့ ထိခိုက်ဒဏ်ရာများရရှိခဲ့သည်ဟု အာရက္ခတပ်တော်နှင့် နီးစပ်သည့် Arakan Princess Media တွင် ဖော်ပြထားသည်။

အကြမ်းဖက် အာဏာသိမ်းစစ်တပ်၏ ဂျက်ဖိုက်တာ လေယာဉ် ၁ စီးဖြင့် ယနေ့ နံနက် (၈) နာရီ ၃၀ မိနစ်ခန့်က နန်းတက်ကျွန်းရွာကို ပေါင် (၅၀၀) ဗုံး (၂) လုံးကြဲချ တိုက်ခိုက်ခဲ့ရာ ရွာ ဘုန်းကြီးကျောင်း အရှေ့ဘက် လယ်ကွက်အတွင်း ဗုံး တလုံး၊ ကျေးရွာအတွင်း ဗုံးတလုံး ကျရောက်ပေါက်ကွဲရာတွင် ကျေးရွာအတွင်း ကျရောက်သည့် ဗုံးပေါက်ကွဲမှုကြောင်း မောင်ရန်နိုင်စိုး၊ မသက်သက်ဝင်း၊ ကိုကျော်မင်းဌေး နှင့် ဒေါ်နုချေတို့ နေရာမတွင် သေဆုံးခဲ့ရကြောင်း သိရသည်။

#RedNewsAgency #REDNEWS #RNA #Rakhine

By Editor