RNA_နိုဝင်ဘာ(၂၁)၊၂၀၂၆ခုနှစ်။
ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု (ဂျီနိုဆိုက်) ကျူးလွန်ခဲ့သည်ဟု စီရင်ချက်ချမှတ်ခံထားရသည့် မြန်မာနိုင်ငံနှင့် ဆက်ဆံရေး ခိုင်မာစွာဆက်ရှိနေမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် အနုထင်ချန်ဗီရာကူက ယနေ့ (နိုဝင်ဘာ ၂၁ ရက်) နံနက်ပိုင်းတွင် ပြောကြားထားသည်။
မြန်မာနိုင်ငံသည် ဂျီနိုဆိုက်ကျူးလွန်ခဲ့ကြောင်း နိုင်ငံတကာတရားရုံး (ICJ) က ဆုံးဖြတ်ခဲ့ပြီးနောက် ထိုင်းနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံနှင့် ဆက်ဆံရေးအပြောင်းအလဲရှိနိုင်မည်လားဟု အစိုးရအိမ်တော်၌ သတင်းထောက်များ၏ မေးမြန်းမှုကို အနုထင်က ICJ က မည်ကဲ့သို့ ဆုံးဖြတ်ခဲ့သည်ဖြစ်စေ မြန်မာနှင့် ဆက်ဆံရေး မပြောင်းလဲကြောင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“ထိုင်းနိုင်ငံအနေနဲ့ အမျိုးသားအကျိုးစီးပွားအပေါ်မှာပဲ အခြေခံထားပြီး ရပ်တည်ပါမယ်” ဟု အနုထင်က ဖြေကြားထားသည်။
ထိုင်းနိုင်ငံအနေဖြင့် နိုင်ငံတစ်ဝန်း လျှပ်စစ်မီး အပြည့်အဝပေးနိုင်ရန်အတွက် မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့နှင့် ဂက်စ်များကို ဝယ်ယူနေရပြီး နှစ်နိုင်ငံကြား နယ်စပ်ကုန်သွယ်ရေးကိုလည်း အမေရိကန်ဒေါ်လာ (၁၀)ဘီလီယံထိ မြှင့်တင်လိုကြောင်း ထိုင်းဝန်ကြီးချုပ်က ပြောကြားထားသည်။
မြန်မာပြည်တွင်းရေးအခြေအနေ မည်သို့ပင်ရှိစေ ထိုင်းနိုင်ငံသားများ၏ စီးပွားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများသာ အဓိကဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်က အစောပိုင်းကာလများ၌ ပြောကြားထားသည်။
ICJ ဆုံးဖြတ်ချက်မတိုင်မီ ရက်အပိုင်းအလိုက ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ်ဖုန်ကက်ကော်က နေပြည်တော်သို့ သွားရောက်ခဲ့ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ ထိုင်းအနေဖြင့် မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုလျော့ကျရေး၊ တွေ့ဆုံညှိနှိုင်းဆွေးနွေးရေးနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ အတားအဆီးမရှိ ပေးပို့နိုင်ရေးတို့ လိုလားကြောင်း ပြောကြားထားသည်။