RNA_နိုဝင်ဘာ(၂၁)၊၂၀၂၆ခုနှစ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူမှုရေး၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဌာန ဝန်ကြီးဖြစ်သူ ဒေါက်တာဝင်းမြတ်အေးသည် ကျန်းမာရေးကြောင့် ရာထူးမှ အနားယူသွားကြောင်း သိရသည်။
ဒေါက်တာဝင်းမြတ်အေး ကျန်းမာရေးအရ အနားယူခဲ့ခြင်းဖြစ်ကြောင်း NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကလည်း Red News Agency ကို အတည်ပြုပြောကြားထားပြီး ၎င်း၏နေရာ၌ ဒုဝန်ကြီးဖြစ်သူ ချင်းတိုင်းရင်းသား ဒေါက်တာငိုင်းတမ်မောင်ကို ဝန်ကြီးအဖြစ် ခန့်အပ်ကြောင်း NUG အစိုးရအဖွဲ့က နိုဝင်ဘာ (၂၀) ရက်တွင် ထုတ်ပြန်ထားသည်။
ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အရ လူမှုရေး၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဌာန ဝန်ကြီးအဖြစ် ဒေါက်တာငိုင်းတမ်မောင်ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ခန့်အပ်တာဝန်ပေးခဲ့ခြင်းလည်း ဖြစ်သည်။
ဒေါက်တာ ဝင်းမြတ်အေးသည် ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း NUG အစိုးရအဖွဲ့၌ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၂၀၂၅ ခုနှစ်တွင် NUG အစိုးရအဖွဲ့မှ ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့သည့် လူမှုရေး၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဌာန၌လည်း ဝန်ကြီးအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
ကျန်းမာရေးအရ အနားယူခဲ့သည့် ဒေါက်တာဝင်းမြတ်အေးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။
NUG အစိုးရအဖွဲ့ ဝန်ကြီးအဆင့်မှ အနားယူသူများထဲတွင် ဒေါက်တာဝင်းမြတ်အေးအပါအဝင် (၅) ဦးအထိရှိခဲ့ပြီး ဒေါ်ခင်မမမျိုး၊ ဦးထင်လင်းအောင်၊ နိုင်ထွန်းဖေ(ခ)နိုင်သုဝဏ္ဏ၊ ဦးအောင်မျိုးမင်းတို့ ပါဝင်ခဲ့သည်။