ICJ စီရင်ချက် အကောင်အထည်ဖော်ရာတွင် ULA/AA နှင့် ချိတ်ဆက်ဆောင်ရွက်ရန် KNU တောင်းဆို

RNA_နိုဝင်ဘာ(၂၀)၊၂၀၂၆ခုနှစ်။

ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် အပြစ်ရှိကြောင်း စီရင်ချက်ချခဲ့ပြီးနောက် ယင်းစီရင်ချက်ကို အကောင်အထည်ဖော်ရန် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA)/အာရက္ခတပ်တော်(AA) နှင့် ချိတ်ဆက်ဆောင်ရွက်ရန် ကရင်အမျိုးသားအဖွဲ့ချုပ် (KNU) က တောင်းဆိုထားသည်။

၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့သည့် မြန်မာစစ်တပ် (စစ်အုပ်စု) ၏ အကြမ်းဖက်နှိမ်နင်းရေးနှင့် နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများအတွင်း ရိုဟင်ဂျာများကို အကြမ်းဖက်သတ်ဖြတ်မှု၊ အတင်းအဓမ္မ နေရပ်စွန့်ခွာစေမှုနှင့် အမျိုးသမီးများအပေါ် လိင်အကြမ်းဖက်မှုများ ကျူးလွန်ခဲ့ကြောင်း နိုင်ငံတကာတရားရုံး (ICJ) က နိုဝင်ဘာ (၁၉) ရက်တွင် အပြီးသတ်အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ICJ ၏ အပြီးသတ်အမိန့်စီရင်ချက်၌ ပဋိပက္ခအတွင်း ကြုံတွေ့ခဲ့ရသည့် အသက်ရှင်ကျန်ရစ်သူများ၊ နစ်နာသူများနှင့် ၎င်းတို့၏ မိသားစုဝင်များအား လျော်ကြေးပေးရန်၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးရန်နှင့် ၎င်းတို့၏ နေရပ်သို့ ဘေးကင်းလုံခြုံစွာ ပြန်ခွင့်ရရေးတို့ကို အကောင်အထည်ဖော်ရန် တရားရုံးက စီရင်ချက်ချထားသည်။

ICJ တရားရုံး၏ စီရင်ချက်ကို အကောင်အထည်ဖော်ရန်အတွက် အာဆီယံ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ နယ်မြေအများအပြားကို ထိန်းချုပ်ထားသော ULA/AA နှင့် ပူးပေါင်းဆောင်ရွက်ရန် KNU က တောင်းဆိုထားခြင်း ဖြစ်သည်။

ရိုဟင်ဂျာအရေးနှင့်ပတ်သက်၍ ICJ တရားရုံး၌ မြန်မာနှင့် ဂမ်ဘီယာနိုင်ငံတို့အကြား အမှုရင်ဆိုင်စဉ်ကာလတစ်လျှောက် ULA/AA က အနီးကပ်စောင့်ကြည့်နေကြောင်း ဒေသတွင်း သတင်းဌာနများကို ပြောကြားထားသော်လည်း အပြီးသတ်အမိန့်ချမှတ်ပြီးချိန် လက်ရှိအချိန်ထိ သီးခြားထုတ်ပြန်ပြောကြားခြင်း မရှိသေးပေ။

ICJ ၏ ဆုံးဖြတ်ချက်ကို KNU အနေဖြင့် ထောက်ခံကြောင်း ပြောကြားထားပြီး ၂၀၁၇ စစ်ဆင်ရေးအတွင်း ကျူးလွန်ခဲ့မှုများ၌ မြန်မာစစ်တပ် (စစ်အုပ်စု) ၌ အဓိကတာဝန်ရှိကြောင်း၊ လက်ရှိ၌ စစ်အုပ်စုသည် အကြမ်းဖက်မှုများနှင့် လူသားမျိုးနွယ်အပေါ် စစ်ရာဇဝတ်မှု ကျူးလွန်မှုများကို ဆက်လက်လုပ်ဆောင်နေကြောင်း ပြောကြားထားသည်။

By RNA Editor