ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန်အခြေအနေသည် မင်းအောင်လှိုင်၏ မူဝါဒအပေါ်သာ မူတည်ဟု ဒေါ်ခိုင်ခိုင်စိုး ပြော

RNA_နိုဝင်ဘာ(၂၀)၊၂၀၂၆ခုနှစ်။

နေပြည်တော်၌ မတရားဖမ်းဆီးခံနေရဆဲဖြစ်သည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် ရှိ၊ မရှိ အခြေအနေသည် မင်းအောင်လှိုင် (မူရင်းအသုံးအနှုန်း သမ္မတ) ၏ မူဝါဒအတိုင်းသာဖြစ်ကြောင်း စစ်အုပ်စု ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ယနေ့ (နိုဝင်ဘာ ၂၀ ရက်) သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုထားသည်။

ယနေ့ နေ့လည်ပိုင်းတွင် နေပြည်တော်၌ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် ရှိ မရှိအခြေအနေနှင့်ပတ်သက်ပြီး တက်ရောက်ခဲ့သည့် သတင်းသမားများက မေးမြန်းချိန် ဒေါ်ခိုင်ခိုင်စိုးက ဖြေဆိုခဲ့ခြင်း ဖြစ်သည်။

“လွှတ်ပေးဖို့ နိုင်ငံတကာက ပြောနေတယ်။ ဒါနဲ့ပတ်သက်ပြီး သမ္မတကြီးဖြေတဲ့အတိုင်းပဲ ဖြေပါ့မယ်။ ဒါက သမ္မတကြီးရဲ့ မူဝါဒပါ။ မြန်မာ့တိုင်းမ် (TIME မဂ္ဂဇင်းအား မြန်မာတိုင်းမ်နှင့် မှားယွင်းပြောဆို) နဲ့တုန်းက ပြောခဲ့တာ ရှိပါတယ်။ အနာဂတ်ဆိုတာ ကြိုပြီးတော့ မျှော်တွေးလို့မရတဲ့အတွက် ဘာဆက်ဖြစ်မယ်ဆိုတာ သေချာမပြောနိုင်သေးပါဘူး” ဟု ဒေါ်ခိုင်ခိုင်စိုးက ဖြေဆိုထားသည်။

နေပြည်တော်ရှိ ကန့်သတ်ထားသည့် နေအိမ်၌ မတရားဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးသည် သူမအပေါ်တွင်သာ မူတည်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က TIME မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ဖြေဆိုထားပြီး လျှော့ပေါ့စဉ်းစားရန် အချက်အလက်များရှိပါက လျှော့ပေါ့စဉ်းစားမည်ဟု ပြောဆိုထားသည်။

ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းချထားသော်လည်း အကျဉ်းထောင်ထဲတွင် မထားရှိဘဲ နေပြည်တော်ရှိ ကန့်သတ်ထားသည့် နေအိမ်၌သာ ထားရှိထားခြင်းဖြစ်ကြောင်း၊ ယင်းအခြေအနေကို ဓာတ်ပုံများမှတဆင့် မြင်တွေ့ရမည်ဖြစ်ကြောင်း ဒေါ်ခိုင်ခိုင်စိုးက ပြောဆိုထားသည်။

၂၀၂၁ စစ်တပ်အာဏာသိမ်းချိန်ကတည်းက ဖမ်းဆီးခံထားရသည့် အသက် (၈၁) နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို ယခု ၂၀၂၆ ခုနှစ် ဩဂုတ်လဆန်းပိုင်းတွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) နှင့် တွေ့ဆုံခွင့်ပေးခဲ့ပြီး ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက သူမ၏ သားဖြစ်သူ ကင်မ်အဲရစ်နှင့် ဖုန်းမှတဆင့် စကားပြောခွင့်ပြုခဲ့ကြောင်း စစ်အုပ်စုက ထုတ်ပြန်ထားသည်။

By RNA Editor