RNA_နိုဝင်ဘာ(၁၄)၊၂၀၂၆ခုနှစ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝန်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ ဆိုးရွားစွာ ဖြစ်ပေါ်နေကြောင်း G7 နိုင်ငံခြားရေးဝန်ကြီးများက ထုတ်ဖော်ပြောကြားမှုအပေါ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကော်မတီ (SCEF) က ယနေ့ (နိုဝင်ဘာ ၁၄ ရက်) ထုတ်ပြန်ထားသည်။
G7 နိုင်ငံခြားရေးဝန်ကြီးများ ထိပ်သီးအစည်းအဝေးကို နိုဝင်ဘာ (၉) ရက်နှင့် (၁၀) ရက်နေ့တို့တွင် ပြင်သစ်နိုင်ငံ ပဲရစ်မြို့၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာ့အရေးနှင့်ပတ်သက်၍ ဘုံသဘောတူညီချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
အမေရိကန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ကနေဒါ၊ ယူကေနှင့် ဂျပန်တို့ပါဝင်သည့် G7 နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၌ မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုများကို ချက်ချင်းလျှော့ချရန်၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အတားဆီးမရှိ ဝင်ရောက်နိုင်ရေးနှင့် မြန်မာပြည်သူများ၏ ဆန္ဒသဘောထားကို ထင်ဟပ်စေသော စစ်မှန်ပြီး အားလုံးပါတင်သည့် ဒီမိုကရေစီလုပ်ငန်းစဉ်တစ်ရပ် ဖြစ်ပေါ်ရေးတို့ကို တောင်းဆိုကြောင်း ထုတ်ပြန်ထားသည်။
G7 နိုင်ငံများ၏ မြန်မာ့အရေး ထုတ်ဖော်ပြောကြားမှုနှင့် တောင်းဆိုမှုအပေါ် SCEF အနေဖြင့် ကြိုဆိုကြောင်း၊ G7 နိုင်ငံများအနေဖြင့် မြန်မာစစ်အာဏာပိုင်များနှင့် ဆက်ဆံရေးကို အချိန်မတိုင်မီ ပုံမှန်ပြန်လည်ထူထောင်ခြင်းများ မပြုရန်နှင့် SCEF မှ လက်ရှိ ဖော်ဆောင်နေသည့် နိုင်ငံရေးအသွင် ကူးပြောင်းမှုမူဘောင် ရေးဆွဲလုပ်ငန်းစဉ်တွင် ထိတွေ့ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းထားသည်။
G7 အဖွဲ့ဝင်နိုင်ငံများထဲမှ အမေရိကန်သည် ၎င်းတို့၏ နိုင်ငံသားဖြစ်သူ စီးပွားရေးလုပ်ငန်းရှင် အက်ဒမ်ကက်စတီလို (Adman Castillo) ပြန်လည်လွတ်မြောက်ရေးအတွက် ပြီးခဲ့သည့် အောက်တိုဘာလဆန်းပိုင်းက စစ်အုပ်စုနှင့် နေပြည်တော်တွင် လျှို့ဝှက်တွေ့ဆုံမှု ရှိခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။
ယင်းနောက် အောက်တိုဘာ ဒုတိယပတ်၌ ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ထပ်မံတွေ့ဆုံမှုရှိခဲ့ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ထောက်လှမ်းရေးနှင့် သုတေသနဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ဗန့်စ် (Michael Vance) ဦးဆောင်သည့် အစိုးရအရာရှိ (၁၂) ဦး ပါဝင်တက်ရောက်ခဲ့ကြောင်းလည်း သိရသည်။
အမေရိကန်အစိုးရအနေဖြင့် မြန်မာ့အရေးနှင့် ပတ်သက်၍ မူဝါဒပြောင်းလဲမှုများရှိလာပြီး အမေရိကန်အကျိုးစီးပွားကို ဦးစားပေးသည့် မြန်မာနိုင်ငံဆိုင်ရာ ပေါင်းစပ်မဟာဗျူဟာစာတမ်းကိုလည်း ယခုနိုဝင်ဘာလဆန်းပိုင်းတွင် ထုတ်ပြန်ခဲ့သည်။