RNA_နိုဝင်ဘာ(၁၄)၊၂၀၂၆ခုနှစ်။
ရန်ကုန်တိုင်း သာကေတမြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ကိုင်နေသူ နိုင်ငံခြားသားခြားနှင့် မြန်မာနိုင်ငံသား စုစုပေါင်း(၁၀၆) ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း စစ်အုပ်စုက ယနေ့ (နိုဝင်ဘာ ၁၄ ရက်) ထုတ်ပြန်ထားသည်။
သာကေတမြို့နယ် အမှတ် (၈) ရပ်ကွက် Golden River Resident Condo အခန် (၉) ခန်း၌ အွန်လိုင်းလိမ်လည် လောင်းကစားလုပ်ကိုင်နေသည့် အထောက်အထားမဲ့ တရုတ်နိုင်ငံသား အမျိုးသား (၄၈) ဦးနှင့် အမျိုးသမီး (၄) ဦး၊ ဗီယက်နမ်နိုင်ငံသား အမျိုးသား (၈) ဦး၊ မြန်မာနိုင်ငံသား အမျိုးသား (၃၁) ဦးနှင့် အမျိုးသမီး (၁၅) ဦး စုစုပေါင်း (၁၀၆) ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
၎င်းတို့နှင့်အတူ ကွန်ပျူတာ ၁၂၁ လုံး၊ လက်ပ်တော့ (၅) လုံး၊ Server တစ်လုံး၊ ဖုန်းမျိုးစုံ အလုံး (၁၉၀)၊ ဝိုင်ဖိုင်စက် (၇) လုံး၊ Router (၂) လုံး မြန်မာနိုင်ငံကူးလက်မှတ် (၅) အုပ်၊ တရုတ်နိုင်ငံကူးလက်မှတ် (၂) အုပ်နှင့် ကမ္ဘောဇဘဏ် စာအုပ် (၄) တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း စစ်အုပ်စု၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။


အွန်လိုင်းလိမ်လည်လောင်းကစား လုပ်ကိုင်သူများသည် အစုအဖွဲ့ (၅) ခုဖွဲ့စည်းကာ တယ်လီဂရမ်မှတဆင့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနှင့် အိန္ဒိယနိုင်ငံတို့ရှိ ပြည်သူများကို ပစ်မှတ်ထားကာ အမျိုးသမီးများဖြင့် မက်လုံးပေးစည်းရုံးကာ ငွေကြေးလိမ်လည်မှုကို အဆင့်ဆင့် ရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဈေးဝယ် Website အတုများကို အသုံးပြုကာ ကုန်ပစ္စည်းများအား လိမ်လည်ရောင်းချမှုများ၊ အသုံးပြုသူများထံမှ ဘဏ်အကောင့်တောင်းခံခြင်း၊ Member ကြေးများ ပေးသွင်းစေကာ အွန်လိုင်းမှတဆင့် ဈေးဝယ်ပါက ရာခိုင်နှုန်းအလိုက် ငွေထပ်ဆောင်း ပြန်ပေးခြင်းများဖြင့် မက်လုံးပေး မြူဆွယ်ပြီး အဆင့်ဆင့် လိမ်လည်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#RedNewsAgency #RedNews #RNA