မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက် (၅) ရပ် ဆက်လက်ကိုင်စွဲထားကြောင်း အာဆီယံအထူးသံတမန် ပြော

RNA_နိုဝင်ဘာ(၁၄)၊၂၀၂၆ခုနှစ်။

မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်းရာ၌ အာဆီယံဘုံသဘောတူညီချက် (၅) ရပ်အပေါ် ဆက်လက်အခြေခံထားပြီး အာဆီယံအနေဖြင့် ယင်းမူဝါဒအတိုင်း ဆက်လက်လုပ်ဆောင်နေကြောင်း အာဆီယံအထူးသံတမန်၊ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာထရီဆာလာဇာရိုက ယနေ့ (နိုဝင်ဘာ ၁၄ ရက်) အာဆီယံထိပ်သီး အစည်းအဝေး၌ ပြောကြားခဲ့သည်။

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက မြန်မာ့ပဋိပက္ခကို ဖြေရှင်းရာ၌ ဘုံသဘောတူညီချက် (၅) ရပ်ကို အာဆီယံက ချမှတ်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရေး၊ သက်ဆိုင်သူအားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးရေးနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများ အတားအဆီးမရှိ ပေးပို့နိုင်ရေးတို့ ပါဝင်သည်။

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ကျင်းပသည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ စစ်အုပ်စုထိပ်ပိုင်း တာဝန်ရှိသူများ တက်ရောက်ခွင့်ကို ဆက်လက်ပိတ်ပင်ထားပြီး အမြဲတမ်းအတွင်းဝန်ကိုသာ တက်ရောက်ခွင့်ပြုထားသည်။

အာဆီယံဘုံသဘောတူညီချက်အပေါ် ပြန်လည်သုံးသပ်ခြင်းမူကြမ်းကို အဖွဲ့ဝင်နိုင်ငံများကြား ဆွေးနွေးနေဆဲဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများမှ တင်သွင်းလာသည့် အဆိုပြုချက်များကို အာဆီယံအလှည့်ကျဥက္ကဋ္ဌထံ တင်သွင်းသွားမည်ဖြစ်ကြောင်း လာဇာရိုက ပြောသည်။

“ပွင့်ပွင့်လင်းလင်းပြောရရင် မြန်မာ့အရေး ချဉ်းကပ်မှုမှာ အာဆီယံအနေနဲ့ သဘောထားပြောင်းလဲတာမျိုး မရှိပါဘူး။ အာဆီယံဘုံသဘောတူညီချက် (၅) ရပ်ကို ဆက်လက်စွဲကိုင်ထားဆဲပါပဲ”ဟု လာဇာရိုက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားထားသည်။

မြန်မာ (စစ်အုပ်စု) နိုင်ငံခြားရေးဝန်ကြီးအား အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ ဖိတ်ခေါ်ရန် ထိုင်းအစိုးရ၏ အဆိုပြုချက်အပေါ် လက်ရှိအချိန်ထိ ဆွေးနွေးနေဆဲဖြစ်ကြောင်းနှင့် မြန်မာ (စစ်အုပ်စု) နိုင်ငံခြားရေးဝန်ကြီးအား တက်ရောက်ခွင့်ပြုမည်၊ မပြုမည်ကို ဆုံးဖြတ်ချက် မချရသေးကြောင်း လာဇာရိုက သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားထားသည်။

မြန်မာအား အာဆီယံအစည်းအဝေးများမှ ဖယ်ကျဉ်ထားမှုအပေါ် ဆက်လက်လုပ်ဆောင်ရန်ရှိ မရှိ အခြေအနေနှင့်ပတ်သက်၍ နိုဝင်ဘာ (၁၅) မှ (၁၇) ရက်နေ့အထိ ကျင်းပမည့် ထိပ်သီးအစည်းအဝေးအတွင်း သုံးသပ်ဆွေးနွေးသွားမည်ဟု သိရသည်။

လက်ရှိ ကျင်းပနေသည့် အာဆီယံထိပ်သီးအစည်းအဝေး၌ ကမ္ဘာ့အင်အားကြီးနိုင်ငံများမှ ခေါင်းဆောင်များအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြသော်လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ကြားခြင်းမပြုခဲ့ဘဲ ညွှန်ကြားရေးမှူးချုပ်အဆင့်ရှိသူကို တက်ရောက်ရန် ခွင့်ပြုခဲ့သည်။

By RNA Editor