RNA_အောက်တိုဘာ(၃၁)၊၂၀၂၆ခုနှစ်။
တနင်္သာရီတိုင်း သရက်ချောင်းနှင့် တနင်္သာရီမြို့နယ်တို့ကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းကြောင့် အရပ်သားပြည်သူ (၄) ဦး သေဆုံးခဲ့ပြီး (၃) ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်-ထားဝယ်ခရိုင် သတင်းပြန်ကြားရေးက ထုတ်ပြန်ထားသည်။
အောက်တိုဘာ (၃၀) ရက် နေ့လည် (၁၂) နာရီဝန်းကျင်က KNU ထိန်းချုပ်နယ်မြေ သရက်ချောင်း (ကစယ်ဒို)မြို့နယ် ကညင်ချောင်းရွာကို စစ်အုပ်စုက K8W တိုက်ခိုက်ရေးလေယာဉ်ဖြင့် ပေါင် (၂၅၀) ဗုံး (၂) လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး နေ့လည် (၁၂) နာရီခွဲဝန်းကျင်၌လည်း ပေါင် (၃၀၀) ဗုံး (၂) လုံးဖြင့် ထပ်မံကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် (၁၀) နှစ်နှင့် (၁၅) နှစ်အရွယ် ကလေး (၂) ဦးနှင့် အသက် (၃၅) နှစ်အရွယ် အမျိုးသား (၁) ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီး (၂) ဦးနှင့် အမျိုးသား (၂) ဦး သေဆုံးခဲ့ကြောင်း သိရသည်။
စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းရှိ နေအိမ် (၂) လုံး၊ စာသင်ကျောင်း (၁) ကျောင်းနှင့် ဆိုင်ကယ် (၂) စီး ထိခိုက်ပျက်စီးခဲ့သည်။
ထို့ပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် တနင်္သာရီ (တနောသရီ) မြို့နယ် ဖူးပွင့်စံရွာကို နံနက် (၁၁) နာရီ (၄၅) မိနစ်တွင် စစ်အုပ်စုက အသေခံဒရုန်းဖြင့် တိုက်ခိုက်ခဲ့သော်လည်း ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ကြောင်း KNU က ဖော်ပြထားသည်။
ယခုလ အောက်တိုဘာ (၂၇) ရက်ကလည်း သရက်ချောင်းမြို့နယ် စုံစင်ရွာကို စစ်အုပ်စုက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အရပ်သားပြည်သူ (၅) ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် (၁) လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။