RNA_အောက်တိုဘာ(၃၁)၊၂၀၂၆ခုနှစ်။
မြန်မာနိုင်ငံကို နိုင်ငံတကာငွေကြေးခဝါချမှုတိုက်ဖျက်ရေးစောင့်ကြည့်အဖွဲ့ (FATF) ၏ အမည်ပျက်စာရင်းမှ ဖယ်ရှားနိုင်ရန် ဂျပန်အစိုးရက တွန်းအားပေးကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။
မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုလွယ်ကူစွာလုပ်ဆောင်နိုင်ရန်နှင့် စီးပွားရေး နာလန်ပြန်ထူနိုင်စေရန်အတွက် ဂျပန်အစိုးရက ကြိုးပမ်းခဲ့သော်လည်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ်ကတည်းက (၄) နှစ်ကျော်ကြာမြင့်လာချိန်အထိ ငွေကြေးခဝါချမှု အမည်ပျက်စာရင်း ထည့်သွင်းခံထားရခြင်း ဖြစ်သည်။
အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) နှင့် ငွေကြေးခဝါချမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေချိန် ငွေကြေးလွှဲပြောင်းမှုဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံအား FATF မှ အထူးစိစစ်စောင့်ကြည့်မည့် အခြေအနေများကိုလည်း လျှော့ချစေလိုကြောင်း ဂျပန်အစိုးရက တိုက်တွန်းတောင်းဆိုထားသည်။
FATF ၏ အမည်ပျက်စာရင်းသွင်းခံထားရသည့် မြန်မာနိုင်ငံသည် တရားမဝင်ငွေကြေးလွှဲပြောင်းမှုများ တိုက်ဖျက်ရေးနှင့်ပတ်သက်၍ သိသာထင်ရှားသည့် တိုးတက်မှုမရှိကြောင်း၊ လာမည့် ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလအထိ အခြေအနေကို စိစစ်စောင့်ကြည့်သွားမည်ဖြစ်ပြီး တိုးတက်မှုတစုံတရာ မရှိပါက ပိုမိုပြင်းထန်သည့် အရေးယူမှုများ လုပ်ဆောင်သွားမည်ဟုလည်း FATF က ထုတ်ပြန်ထားသည်။
FATF အမည်ပျက်စာရင်းသွင်းခံထားရသည့် နိုင်ငံများထဲတွင် မြန်မာနှင့်အတူ အီရန်နှင့် မြောက်ကိုရီးယားတို့ ပါဝင်နေပြီး မြန်မာကို ယင်းအမည်ပျက်စာရင်းမှ ဖယ်ရှားနိုင်ပါက နိုင်ငံ၏ စီပွားရေး ပြန်လည်နာလန်ထူလာစေရန် အထောက်အကူဖြစ်စေနိုင်မည်ဟု ယုံကြည်ကြောင်း ဂျပန်အစိုးရာ အရာရှိကြီးတစ်ဦးက ရိုက်တာသတင်းဌာနကို ပြောကြားထားသည်။
ငွေကြေးခဝါချမှုများနှင့် တရားမဝင်ငွေကြေးထောက်ပံ့မှု အန္တရာယ်များကြောင့် မြန်မာနိုင်ငံအား အမည်ပျက်စာရင်းထားရှိမှုကို အောက်တိုဘာ (၃၀) ရက်က ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ကျင်းပခဲ့သည့် FATF ၏ (၃၇) ကြိမ်မြောက် အစည်းအဝေး၌ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
Photo: FATF