ပလက်ဝကို စစ်အုပ်စုဗုံးအလုံးရေ (၁၀၀) ကျော် ကြဲတိုက်ခိုက်၊ (၆)လသား ကလေးငယ်အပါအဝင် (၉) ဦး သေဆုံး

RNA_အောက်တိုဘာ(၂၀)၊၂၀၂၆ခုနှစ်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ကန်ပက်လက်မြို့နယ် ဒိုင်ရ်ဒေသ ပီချောင်းဆုံရွာနှင့် လုံးတူ-တွီစပ်လမ်းခွဲနေရာတို့ကို စစ်အုပ်စုက (၂) ရက်ဆက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၉) ဦး သေဆုံးပြီး (၅) ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ချင်းပြည်သူ့တပ်မတော် (CPA) က ယနေ့ (အောက်တိုဘာ ၂၀ ရက်) ထုတ်ပြန်ထားသည်။

ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်တို့၌ စစ်အုပ်စုနှင့် ချင်းတော်လှန်ရေး ပူးပေါင်းအဖွဲ့များကြား တိုက်ပွဲပြင်းထန်နေချိန် စစ်အုပ်စုက ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး (၆) လသားအရွယ် ကလေးငယ်အပါအဝင် အရပ်သားပြည်သူ (၉) ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာ (၁၈ – ၁၉ ရက်က ဒိုင်ရ်ဒေသ ပီချောင်းဆုံ(ချောင်းဆုံ)ရွာနှင့် လုံးတူ-တွီစပ်လမ်းခွဲနေရာများကို စစ်အုပ်စုက ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံးသီး (၄) လုံး၊ Y-12 လေယာဉ်ဖြင့် ဗုံးသီး (၁၁၄) လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ချင်းပြည်သူ့အစည်းအရုံး (CPU/CPA) ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

စစ်အုပ်စု ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပလက်ဝမြို့နယ် ဘွေလောင်းရွာ၊ ချိုင်းစနူးရွာနှင့် သံထောင်ရွာတို့မှ ဒေသခံပြည်သူ (၉) ဦး သေဆုံးခဲ့ပြီး ကိုဖေကြီးရွာနှင့် ချိုင်းစနူးရွာတို့မှာ ဒေသခံ (၄) ဦးတို့ ထိခိုက်ဒဏ်ရာများရရှိခဲ့ကာ စိုးရိမ်ရသည့် အခြေအနေရှိနေကြောင်း သိရသည်။

ထို့ပြင် ကန်ပက်လက်မြို့နယ် မကြာအိမ်နူးရွာမှ အသက် (၆၅) နှစ်အရွယ် အမျိုးသား (၁) ဦးလည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်ရကြောင်း သိရပြီး ပျံကျဈေးဆိုင်အချို့ ထိခိုက်ပျက်စီးမှုများရှိခဲ့သည်။

စစ်အုပ်စုနှင့် CPU/CPA ပူးပေါင်းအဖွဲ့များကြား ပြီးခဲ့သည့် မေလလယ်ကတည်းက တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ပြီး စစ်အုပ်စုဘက်မှ ထိခိုက်သေဆုံးမှု များပြားနေခြင်းဖြစ်သည်။ ထို့ပြင် စက်တင်ဘာ (၂၆) ရက်ကလည်း ကျင်ဒွေးမြို့သို့ ဦးတည်ကာ အင်အားဖြည့် စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုအဖွဲ့ကို CPU/CPA ပူးပေါင်းတပ်များက ခုခံတိုက်ခိုက်မှုများကြောင့် တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

By RNA Editor