RNA_အောက်တိုဘာ(၂၁)၊၂၀၂၆ခုနှစ်။
ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်နှင့် မန္တလေးတိုင်း သာစည်မြို့နယ်အစပ်၌ စစ်အုပ်စုနှင့် ဓနုလက်နက်ကိုင်တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်မှ အရာရှိ (၂) ဦးအပါအဝင် (၁၀) ဦး သေဆုံးခဲ့ကြောင်း ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) က ထုတ်ပြန်ထားသည်။
အောက်တိုဘာ (၁၆) ရက် နံနက် (၆) နာရီဝန်းကျင်က အင်အား (၅၀) ဝန်းကျင်ပါ စစ်အုပ်စုစစ်ကြောင်းနှင့် DSNDA တပ်ဖွဲ့တို့ (၁) နာရီနီးပါးကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်အုပ်စုဘက်မှ အထိနာကာ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။
စစ်အုပ်စုနှင့် ထိတွေ့တိုက်ပွဲအတွင်း သေဆုံးအလောင်းများနှင့်အတူ MA1 သေနတ် (၁) လက်၊ MA3 သေနတ် (၁) လက်၊ ၆၀မမ ဗုံးသီး (၄)လုံး၊ ကျည်ဘောက် (၆)ခု၊ ခဲယမ်းများနှင့် အခြားစစ်ဘက်အသုံးအဆောင်ပစ္စည်းများကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
DSNDA မှ ထုတ်ပြန်ထားသည့် ရုပ်သံဖိုင်တွင် စစ်အုပ်စုသေဆုံးအလောင်းများ၌ တပ်မ (၆၆) ဘတ်တံဆိပ်များကို တွေ့ရှိရသည်။ စစ်အုပ်စု တပ်မ (၆၆) လက်အောက်ခံ တပ်ရင်းများသည် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်တို့၌ စစ်ကြောင်းထိုးမှုများရှိနေပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) နှင့်လည်း ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုများ ရှီနေသည်။