RNA_အောက်တိုဘာ(၂၀)၊၂၀၂၆ခုနှစ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဇိမ်ခံနေအိမ်အတွင်း၌ တရားမဝင် ဆေးခြောက်သိုလှောင် လုပ်ကိုင်နေသည့် မြန်မာ (၄) ဦးနှင့် ဗီယက်နမ်နိုင်ငံသား (၁) ဦးတို့ကို ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ယနေ့ (အောက်တိုဘာ ၂၀ ရက်) ထုတ်ပြန်ထားသည်။
ဒေသခံများ၏ တိုင်ကြားမှုကြောင့် ဘန်ကောက်မြို့ ဘန်ခန်ရပ်ကွက် ခူဘွန် (၂၇) လမ်းရှိ (၃) ထပ် ဇိမ်ခံနေအိမ်တစ်လုံးကို ထိုင်းအာဏာပိုင်များက အောက်တိုဘာ (၁၉) ရက်တွင် ဝင်ရောက်စစ်ဆေးချိန် အိတ်အမည်းများဖြင့် ထည့်ထားသည့် ဆေးခြောက် (၅) တန်ကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။
အနီးဝန်းကျင်၌ နေထိုင်ကြသည့် ဒေသခံများက ဆေးခြောက်အနံ့ဆိုးကို မခံနိုင်ကြသည့်အတွက် ထိုင်းအာဏာပိုင်များထံ တိုင်ကြားခဲ့ခြင်းဖြစ်သည်။ ထိုင်းအာဏာပိုင်များက (၂) လကြာ သက်သေအချက်အလက်များ စုဆောင်းပြီးနောက် ရှာဖွေဝရမ်းဖြင့် ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆေးခြောက်သိုလှောင်ထုပ်ပိုးသည့်နေအိမ်အတွင်း၌ မြန်မာအလုပ်သမား (၄) ဦးက ဆေးခြောက်များ ထုပ်ပိုးနေသည်ကို ထိုင်းအာဏာပိုင်များက တွေ့ရှိခဲ့ပြီး ဗီယက်နမ်နိုင်ငံသားက ယင်းလုပ်ငန်းခွင်ကို စီမံခန့်ခွဲမှု လုပ်ဆောင်နေဖွယ်ရှိကြောင်း ထိုင်းအာဏာပိုင်များက ဆိုသည်။
ကနဦးစစ်ဆေးမှုများအရ ဆေးခြောက်ဖြန့်ဖြူးရောင်းချခွင့်ကို နွန်ဘွာလမ်ပူ (Nong Bua Lamphu) ခရိုင်၌ ရယူခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရပြီး ယင်းခွင့်ပြုချက်လက်မှတ်ဖြင့် ဘန်ကောက်၌ နယ်ကျော် လုပ်ကိုင်နေခြင်းဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ၏ ၁၉၉၉ ခုနှစ် တိုင်းရင်းဆေးပညာကာကွယ်ရေးနှင့် မြှင့်တင်ရေးဥပဒေအရ ခွင့်ပြုထားသည့် ခရိုင်၊ ဒေသအတွင်း၌သာ လုပ်ကိုင်ရမည်ဖြစ်ပြီး နယ်ကျော်လုပ်ကိုင်ခွင့်မပြုကြောင်း ဖော်ပြထားပြီး ဖောက်ဖျက်ကျူးလွန်ပါက ထောင်ဒဏ် (၁) နှစ်ဖြစ်စေ၊ ဘတ်ငွေ (၂၀၀၀၀) ဖြစ်စေ သို့မဟုတ် ပြစ်ဒဏ် (၂) ခုစလုံးဖြစ်စေ ကျခံရမည်ဟု ဖော်ပြထားသည်။
ယခု ဘန်ကောက်၌ နယ်ကျော်လုပ်ကိုင်နေသည့် ဆေးခြောက်ရောင်းချမှုနှင့်ပတ်သက်၍ မြန်မာနှင့် ဗီယက်နမ်နိုင်ငံသားတို့ကို အာဏာပိုင်များက ဖမ်းဆီးထားပြီး ၎င်းတို့ ဖြန့်ဖြူးရောင်းချနေသည့် ဆေးခြောက်များသည် ထိုင်းနိုင်ငံတွင်း စိုက်ပျိုးသည့် ဆေးခြောက်များ ဟုတ်၊ မဟုတ် စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။