RNA_အောက်တိုဘာ(၂၀)၊၂၀၂၆ခုနှစ်။
စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်အတွင်း ဒေသခံပြည်သူများအား အကူအညီပေးနေသည့် အဖွဲ့အစည်းများအနေဖြင့် လုပ်ထုံးလုပ်နည်းများအတိုင်း ခွင့်ပြုချက်မရယူဘဲ လုပ်ကိုင်ဆောင်ရွက်ပါက အရေးယူသွားမည်ဟု ချောင်းဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ယနေ့ (အောက်တိုဘာ ၂၀ ရက်) ထုတ်ပြန်ထားသည်။
ဒေသခံပြည်သူများအား လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ အကူအညီများနှင့် လူမှုကူညီရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် အစိုးရမဟုတ်သော အဖွဲ့အစည်း (NGO) နှင့် အရပ်ဖက်လူမှုအဖွဲ့အစည်း (CSO) များအနေဖြင့် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ရန် ခွင့်ပြုချက်ရယူမည်ဟု ဆိုသည်။
ဒေသခံပြည်သူများအား အကူအညီပေးနေသည့် NGO များနှင့် CSO များကို ကျေးဇူးတင်ကြောင်း ချောင်းဦး ပအဖက ပြောကြားထားပြီး လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရန် လုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြုချက်ရယူရန်နှင့် ယင်းသို့မဟုတ်ပါက အရေးယူသွားမည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ချောင်းဦးမြို့နယ်အတွင်းရှိ လူမှုကူညီရေးအဖွဲ့အစည်းများက စစ်ဘေးရှောင်ပြည်သူများနှင့် ဒေသခံပြည်သူများကို ကျန်းမာရေး၊ ပညာရေး၊ ဆေးဝါးနှင့် စားနပ်ရိက္ခာ ကူညီထောက်ပံ့မှုများ အကူအညီပေးမှုများပေးနေပြီး ဒေသတွင်း တော်လှန်ရေးအဖွဲ့အစည်းအချို့ကလည်း အကူအညီပေးမှုများ ရှိနေသည်။
အညာဒေသ၌ စစ်အာဏာရှင်အား တော်လှန်နေသည့်အဖွဲ့အစည်းများထဲမှ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ဆေးတပ်ဖွဲ့ကလည်း စစ်ကိုင်းနှင့် မကွေးတိုင်းအတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးဆိုင်ရာ အခမဲ့ စောင့်ရှောက်မှုများနှင့် အယ်လ်နီညိုဖြစ်စဉ်နှင့် ရာသီဥတု ပြောင်းလဲမှုများကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးဆိုင်ရာ အန္တရာယ်အသိပညာပေးမှုများကိုလည်း လုပ်ဆောင်နေသည်။