RNA_အောက်တိုဘာ(၁၂)၊၂၀၂၆ခုနှစ်။
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ဆိပ်ခွန်ရွာရှိ သမိုင်းဝင် မဟာစည်ဘုန်းကြီးကျောင်းအား စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် စစ်ဘေးရှောင်ပြည်သူ (၂) ဦး သေဆုံးကာ (၈) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က အောက်တိုဘာ (၁၁) ရက်တွင် ထုတ်ပြန်ထားသည်။
မဟာစည်ဆရာတော်ဘုရား သီတင်းသုံးခဲ့သည့် ဆိပ်ခွန်ရွာရှိ ဘုန်းကြီးကျောင်း၌ ဒေသခံပြည်သူများနှင့် စစ်ဘေးရှောင်များ အောက်တိုဘာ (၁၁) ရက် နံနက် (၁၁) နာရီ (၄၀) မိနစ်ဝန်းကျင်၌ ဥပုသ်သီလယူနေချိန် စစ်အုပ်စု ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု (၃) ကြိမ် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
ဆိပ်ခွန်ရွာဝန်းကျင်၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စုက မဟာစည်ဘုန်းကြီးကျောင်းကို လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဘုန်းကြီးကျောင်း ဓမ္မာရုံများ၊ ရိပ်သာဆောင်များ၊ ဇရပ်စောင်းတန်းများနှင့် ကျောင်းဝင်းအတွင်းရှိ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ဝါတွင်းကာလ လပြည့်လကွယ် ဥပုသ်နေ့များတွင် ဒေသတွင်း ဘုန်းကြီးကျောင်းများ၌ ဥပုသ်သီလ စောင့်တည်သူများ အများအပြားရှိနေချိန် အရပ်သားပြည်သူများကို ပစ်မှတ်ထားကာ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုများ မကြာခဏ လုပ်ဆောင်နေသည်။
ပြီးခဲ့သည့် စက်တင်ဘာလနှင့် ဩဂုတ်လအတွင်းကလည်း စစ်ကိုင်း၊ မန္တလေးနှင့် ရခိုင်ပြည်နယ်တို့ရှိ ဘုန်းကြီးကျောင်းများကို ပစ်မှတ်ထားကာ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့မှုများကြောင့် အရပ်သားပြည်သူ (၂၀) ထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားခဲ့သည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်း စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုပေါင်း (၃၅၀၀) ထက်မနည်းရှိခဲ့ပြီး အရပ်သားပြည်သူ (၄၂၀၀) ထက်မနည်း သေဆုံးခဲ့ကာ တော်လှန်ရေးတပ်ဖွဲ့ဝင် (၅၀၀) နီးပါး သေဆုံးခဲ့ကြောင်း မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (MPM) မှ ပြုစုထားသည့် အချက်အလက်များအရ သိရသည်။