RNA_အောက်တိုဘာ(၁၂)၊၂၀၂၆ခုနှစ်။
အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (AFCC) အဖွဲ့ဝင်များဖြစ်သည့် ဒေါက်တာတေဇာဆန်း၊ ကိုထက်မြက်အောင်နှင့် အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) မှ ကိုနန်းလင်းတို့ကို ရဲရင့်မှုနှင့် တာဝန်ယူဆိုင်ရာ နိုင်ငံတကာဆု ချီးမြှင့်ကြောင်း Forum 2000 ဖောင်ဒေးရှင်းက အောက်တိုဘာ (၁၁) ရက် ညနေပိုင်းတွင် ထုတ်ပြန်ထားသည်။
ရဲရင့်မှုနှင့် တာဝန်ယူမှုဆိုင်ရာဆုရရှိသူများထဲတွင် ၂၀၂၅ ဒီဇင်ဘာလအတွင်းက စစ်အုပ်စု၏ မတရားဖမ်းဆီးမှုကို ခံထားရပြီး ၂၀၂၆ ဇန်နဝါရီလအတွင်း၌ ထောင်ဒဏ် (၃၇) နှစ် ချမှတ်ခံထားရသည့် ရတနာပုံတက္ကသိုလ်ကျောင်းများသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုထက်မြက်အောင်လည်း ပါဝင်ခဲ့သည်။
ယခုကဲ့သို့ Forum 2000 နိုင်ငံတကာဆု ချီးမြှင့်ခံရမှုသည် မြန်မာ့နွေဦးတော်လှန်ရေးကာလအတွင်း စစ်အုပ်စု ဆန့်ကျင်ရေး၌ ပါဝင်ခဲ့သည့် ပြည်သူတစ်ဦးတစ်ယောက်ချင်းစီတိုင်းအတွက် ဒီမိုကရေစီအရေးတိုက်ပွဲ၊ လူ့အခွင့်အရေးတန်ဖိုးထားမှုများကို သက်သေပြနိုင်ခဲ့သည့် မှတ်ကျောက်တင်နိုင်ခဲ့သော ဆုတစ်ခုဖြစ်ကြောင်း AFCC ၏ ပြောရေးဆိုခွင့်ရှိသူ မမေနှင်းက Red News Agency ကို ပြောသည်။
“ဆုရသွားတဲ့အပေါ်မှာလည်း ကျွန်တော်တို့ ဝမ်းသာဂုဏ်ယူတယ်။ ကျွန်တော်တို့အားလုံး ထိုက်ထိုက်တန်တန်ရခဲ့တဲ့ ကျွန်တော်တို့ရဲ့ မဆုတ်မနစ်နဲ့ ကြံ့ကြံ့ခံနိုင်စွမ်းကို ပြသနိုင်ခဲ့တဲ့အရာလို့ မှတ်ယူတယ်။ ကျွန်တော်တို့ လိုချင်တဲ့ပန်းတိုင် ခရီးမရောက်မချင်း ကျွန်တော်တို့တွေအတူတူ မဆုတ်မနစ်တဲ့ဇွဲနဲ့ ကျွန်တော်တို့ တန်ဖိုးထားမှုတွေ မပျောက်မပျက်ဘဲနဲ့ ဒီမိုကရေစီအရေးအတွက်၊ လူ့အခွင့်အရေးအတွက် ကျွန်တော်တို့ တစ်ဦးတစ်ယောက်ချင်းစီကနေ အတူတူကြိုးစားရင် ပန်းတိုင်ကို ရောက်မှာ သေချာပါတယ်”ဟု မမေနှင်းက ပြောသည်။

ဆုရရှိသူများထဲတွင်ပါဝင်ခဲ့သည့် ဒေါက်တာတေဇာဆန်းသည် ၂၀၂၁ စစ်တပ်အာဏာသိမ်းမှုကို မန္တလေး၌ အစောဆုံး ဆန့်ကျင်ဆန္ဒပြခဲ့သူတစ်ဦးဖြစ်ပြီး ၂၀၂၁ မတ်လ (၃၁) ရက်တွင် စတင်ဖွဲ့စည်းခဲ့သည့် GSCB အဖွဲ့ခေါင်းဆောင် ကိုနန်းလင်းကလည်း ရန်ကုန်မြို့ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများ၌ ဦးဆောင်ပါဝင်နေသူတစ်ဦးလည်း ဖြစ်သည်။
မြန်မာနိုင်ငံမှ ဆုလက်ခံရရှိသူခဲ့သည့် သပိတ်အင်အားစုခေါင်းဆောင်များသည် ကမ္ဘာ့အဖိနှိပ်ဆုံး စစ်အာဏာရှင်စနစ်များထဲမှ တစ်ခုနှင့် ရင်ဆိုင်နေရချိန် ထူးခြားသည့် ရဲရင့်မှု၊ ကြံ့ကြံ့ခံနိုင်မှုနှင့် အကြမ်းမဖက် ခုခံတွန်းလှန်တော်လှန်မှုများနှင့်အတူ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးတို့အတွက် ပြတ်သားစွာ ပါဝင်နေသူတွေလည်းဖြစ်ကြောင်း Forum 2000 ဖောင်ဒေးရှင်း၏ အမှုဆောင်ညွှန်ကြားရေးမှူး Jakbu Klepal က ဆိုသည်။
Forum 2000 ဆုပေးပွဲကို ချက်သမ္မတနိုင်ငံ ပရာ့ဂ်မြို့၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး ဘီလာရုစ် ဒီမိုကရေစီ အတိုက်အခံ ထိပ်တန်းကိုယ်စားလှယ် Sviatlana Tsikhanouskaya၊ ပိုလန်နိုင်ငံ သမ္မတဟောင်းနှင့် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် Lech Wałęsa နှင့် လစ်သူယေးနီးယား သမ္မတဟောင်း Dalia Grybauskaitė အပါအဝင် ထင်ရှားသော နိုင်ငံရေး ပုဂ္ဂိုလ်များလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
Forum 2000 ကို ၁၉၉၆ ခုနှစ်တွင် ချက်သမ္မတဟောင်း ဗားကလပ်ဟာဗဲလ် (Václav Havel)၊ ဂျပန်နိုင်ငံ ပရဟိတလုပ်ငန်းရှင် ယိုဟေဆာဆာကာဝါ (Yohel Sasakawa) နှင့် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် အီလီဝီဇယ် (Ellie Wiesel) တို့က ပူးတွဲတည်ထောင်ခဲ့ခြင်းဖြစ်ကာ ၂၀၂၁ ခုနှစ်မှစတင်၍ ရဲရင့်မှုနှင့် တာဝန်ယူမဆိုင်ရာ နိုင်ငံတကာဆု (International Award for Courage and Responsibility) ကို စတင်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။