RNA_အောက်တိုဘာ(၁၂)၊၂၀၂၆ခုနှစ်။
တနင်္သာရီတိုင်း ပုလော (လယ်မူလား) မြို့နယ် မကျည်းကုန်းရွာအနီးရှိ စစ်အုပ်စုကင်းစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်-ထားဝယ်ခရိုင်က ယနေ့ (အောက်တိုဘာ ၁၂ ရက်) ထုတ်ပြန်ထားသည်။
ပုလော-မြိတ် ကားလမ်းမပေါ်ရှိ မကျည်းကုန်းရွာအနီး၌ အထိုင်ချတပ်စွဲထားသည့် စစ်အုပ်စု အမှတ် (၂၈၅) ခြေလျင်တပ်ရင်းကို KNLA ပူးပေါင်းတပ်များက ယနေ့ နံနက်ပိုင်း (၇) နာရီခွဲဝန်းကျင်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းအဖွဲ့များ၏ တိုက်ခိုက်မှုအတွင်း စစ်အုပ်စုထံမှ MA1 (၁) လက်၊ MA3(၁)လက်၊ OG(၁)လက်၊ AK(၁)လက်, ၆၀မမ (၁) လက်နက်နှင့် ခဲယမ်းအချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရပြီး စစ်အုပ်စုဘက်မှ ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ KNU မြိတ်-ထားဝယ်ခရိုင် ပြောရေးဆိုခွင့်ရှိသူ ပဒိုစောအယ်နားကို ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်သည်။
ပြီးခဲ့သည့် ဩဂုတ်လအတွင်းကလည်း လယ်မူလားမြို့နယ်အတွင်းရှိ ငါးရပ်အင်းရွာ၊ တုံးဗျောရွာနှင့် ရေခမ်းချောင်းရွာတို့ကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီးနောက် အရပ်သားပြည်သူ (၂) ဦးကို သတ်ဖြတ်ခဲ့ နေအိမ် (၁၀) လုံးဝန်းကျင်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။