RNA_အောက်တိုဘာ(၉)၊၂၀၂၆ခုနှစ်။
မြန်မာ့ပဋိပက္ခအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရာ၌ သက်ဆိုင်သူအားလုံးနှင့် ထိတွေ့ဆက်ဆံခြင်းဖြင့်သာ ပြဿနာများကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း၊ ယင်းသို့မဟုတ်ပါက ဖြေရှင်းရန် ခက်ခဲနေဦးမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Tommy Pigott ၏ ပြောကြားမှုကို ရိုက်တာသတင်းဌာနက အောက်တိုဘာ (၈) ရက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင်းရှိ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ အကြမ်းဖက်မှုများ ရပ်တန့်ရေးကိစ္စများအပါအဝင် အမေရိကန်နိုင်ငံသားများ၏ အကျိုးစီးပွားကို ထိခိုက်စေသည့် အွန်လိုင်ငွေးကြေးလိမ်လည်မှု (ကျားဖြန့်)လုပ်ငန်းများနှင့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများကို ဖြေရှင်းရာ၌ သက်ဆိုင်သူအားလုံးနှင့် ထိတွေ့ဆက်ဆံရန် လိုအပ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားထားသည်။
အမေရိကန်နိုင်ံခြားရေးဝန်ကြီးဌာနမှ ထောက်လှမ်းရေးနှင့် သုတေသနဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ဗန့် (Michael Vance) အပါအဝင် ထိပ်တန်းတာဝန်ရှိသူအချို့ မြန်မာစစ်အုပ်စုနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံမှုများရှိနေကြောင်း အမေရိကန်အစိုးရအဖွဲ့၌ လက်ရှိတာဝန်ထမ်းဆောင်နေသူများနှင့် အခြားသူများကို မေးမြန်းကာ ရိုက်တာက ဖော်ပြထားခြင်း ဖြစ်သည်။
လူသားမျိုးနွယ်အပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည့် မြန်မာစစ်အုပ်စုကို အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူမှု ဆက်လက်လုပ်ဆောင်နေသော်လည်း မြန်မာနိုင်ငံ၏ ရှုပ်ထွေးလွန်းသော ပဋိပက္ခများတွင် ပါဝင်နေသူများအားလုံးနှင့် ထိတွေ့ဆက်ဆံသွားမည့် မူဝါဒကို ပြောင်းလဲလာခြင်းလည်း ဖြစ်သည်။

“သူတို့ကို ဥပေက္ခာပြုထားရုံနဲ့ ဒီပြဿနာတွေက ဖြေရှင်းလို့ပြီးသွားမဟုတ်ဘူး။ သူတို့နဲ့ ထိတွေ့ဆက်ဆံမှပဲ ဒီပြဿနာတွေကို ဖြေရှင်းနိုင်မှာပါ”ဟု Tommy Pigott က ဆိုသည်။
အမေရိကန်နိုင်ငံသားများထံမှ ဒေါ်လာသန်းပေါင်းများစွာ လိမ်လည်နေသည့် မြန်မာအပါအဝင် အာဆီယံဒေသတွင်း ကျားဖြန့်အရေးကိစ္စရပ်များကို နှိမ်နင်းရန်၊ အွန်လိုင်းရာဇဝတ်မှုများနှင့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုအတွက် စုံစမ်းစစ်ဆေးရေးဗျူရို (FBI) တာဝန်ရှိသူများက မြန်မာစစ်အုပ် တာဝန်ရှိသူများ တိုက်ရိုက်ထိတွေ့ဆက်ဆံမှုများရှိခဲ့ကြောင်း ရိုက်တာက ဖော်ပြထားသည်။
မြန်မာ့ပဋိပက္ခကို ဖြေရှင်းနိုင်ရေးအပြင် ထိတွေ့ဆက်ဆံမှုများနှင့်အတူ မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် ထွက်ရှိသည့် မြေရှားသတ္တုဆိုင်ရာကိစ္စရပ်များကိုလည်း ဆွေးနွေးမှုများရှိခဲ့ကြောင်း သိရပြီး စစ်အာဏာရှင် တော်လှန်ရေး၌ ပါဝင်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင် (၅) ဦးနှင့်လည်း လူကိုယ်တိုင်တွေ့ဆုံမှုများအပြင် အွန်လိုင်းမှတဆင့် ထိတွေ့ဆက်ဆံမှုရှိခဲ့ကြောင်း သိရသည်။
မြန်မာ-အမေရိကန် ကုန်သည်ကြီးများအသင်း၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ ကက်စတီလို (Castillo) ကို စစ်အုပ်စုက ဇွန်လ (၁၁) ရက်တွင် မတရားစွပ်စွဲချက်များဖြင့် ဖမ်းဆီးခဲ့ပြီးနောက်ပိုင်း ဇွန်လကုန်ပိုင်းမှ စတင်၍ စစ်အုပ်စုအရာရှိများနှင့် အမေရိကန်ထိပ်တန်း တာဝန်ရှိသူများတို့ ဂျပန်နိုင်ငံ တိုကျိုမြို့တွင် တိုက်ရိုက်တွေ့ဆုံမှု အခွင့်အလမ်းတစ်ရပ် ဖြစ်လာခဲ့ကြောင်း သိရသည်။
စက်တင်ဘာလက နေပြည်တော်၌ စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံမှုများအပါအဝင် စစ်အုပ်စုနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံမှုရှိနေသော်လည်း ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးဆိုင်ရာအဖွဲ့အစည်းများအပါအဝင် အခြားအဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံမှုများကို လျှော့ချသွားမည်မဟုတ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ရိုက်တာသတင်းဌာနကို ပြောကြားထားသည်။