RNA_အောက်တိုဘာ(၉)၊၂၀၂၆ခုနှစ်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) အား နိုင်ငံတကာပါလီမန်များအဖွဲ့ IPU ၏ အဓိကမိတ်ဖက်ဆွေးနွေးဖက်အဖြစ် ဆက်လက်အသိအမှတ်ပြုကြောင်း ယနေ့ (အောက်တိုဘာ ၉ ရက်) ကျင်းပသည့် အမှုဆောင်ကောင်စီအစည်းအဝေးက ဆုံးဖြတ်အတည်ပြုလိုက်သည်။

တရားမဝင်အာဏာသိမ်းစစ်အုပ်စု၏ အတုအယောင်လွှတ်တော်ခေါ်ယူပြီး နိုင်ငံတကာစင်မြင့်တွင် ကိုယ်စားပြုခွင့်နှင့် အသိအမှတ်ပြုခွင့် ရရှိရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းနေချိန် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များကို မြန်မာပြည်သူတို့၏ တရားဝင်ကိုယ်စားပြုသူများအဖြစ် ဆက်လက်အသိအမှတ်ပြုခြင်းသည် မြန်မာပြည်သူတို့၏ စစ်မှန်သော ဒီမိုကရေစီစိတ်ဆန္ဒအား အကြမ်းဖက်မှုများအပါအဝင် မည်သည့် နည်းလမ်းဖြင့်မျှ ဖျက်ဆီးနိုင်ခြင်းမရှိသည်ကို ထပ်မံ သက်သေပြခြင်းပင် ဖြစ်ကြောင်း CRPH ကပြောကြားထားသည်။

“လက်ရှိအာဏာသိမ်းစစ်အစိုးရအား တရားဝင်မှု မပေးကြရန်” သက်ဆိုင်ရာအစိုးရများသို့ တိုက်တွန်းပေးရန် IPU အဖွဲ့ဝင်လွှတ်တော်များကို အမှုဆောင်ကော်မတီက တိုက်တွန်းခဲ့သည်ဟု CRPH ကထုတ်ပြန်အသိပေးထားကြောင်း၊ နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU)သည် ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အား အဓိက မိတ်ဖက်ဆွေးနွေးဖက်အဖြစ် အသိအမှတ်ပြုခဲ့ရာ ယနေ့အချိန်ထိ ဆက်လက်အသိအမှတ်ပြုထားဆဲဖြစ်သည်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်များဖြစ်သည့် ပြည်သူလူထုအပေါ် အကြမ်းဖက်စစ်အုပ်စုက ဆက်လက်ကျူးလွန်နေသည့် လေကြောင်းတိုက်ခိုက်မှုများအပါအဝင် အကြမ်းဖက်မှုများ အဆုံးသတ်ရေးနှင့် ပြည်သူလူထုက ၎င်းတို့၏ အနာဂတ်အား လွတ်လပ်စွာ ရွေးချယ်ဆုံးဖြတ်နိုင်သည့် ဒီမိုကရေစီအနာဂတ်အား ဖော်ဆောင်ပေးနိုင်ရေးတို့အတွက် ယုံကြည်အားကိုးစွာ ဒီမိုကရေစီနည်းကျ အပ်နှင်းထားသည့် အခွင့်အာဏာအား ဆက်လက်ကျင့်သုံးကြိုးပမ်းသွားမည် ဖြစ်ကြောင်း CRPH ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။