မြန်မာနောင်းနှင့် ဧရာဝတီအပါအဝင် ပြည်ပမီဒီယာ(၅) ခုကို ဖမ်းဆီးရန် အင်တာပိုလ်နှင့် ချိတ်ဆက်ဆောင်ရွက်နေကြောင်း စစ်အုပ်စု ပြော

RNA_အောက်တိုဘာ(၇)၊၂၀၂၆ခုနှစ်။

မြန်မာ့အရေးနှင့်ပတ်သက်၍ ပြည်ပနိုင်ငံများတွင်အခြေစိုက်ကာ သတင်းရေးသားဖော်ပြနေသည့် သတင်းမီဒီယာ (၅) ခုကို ဖမ်းဆီးရန် အမှုဖွင့်ထားပြီး နိုင်ငံတကာရဲတပ်ဖွဲ့ (Interpol) နှင့် ချိတ်ဆက်ဆောင်ရွက်နေကြောင်း စစ်အုပ်စု ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်မင်းသူက အောက်တိုဘာ (၆) ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ဖြေကြားပြောဆိုထားသည်။

စစ်အုပ်စု ထိန်းချုပ်ထားသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ သင်္ဃန်းကျွန်းလွှတ်တော်အမတ် ဒေါ်သန်းသန်းအေးက ပြည်ပနိုင်ငံများတွင် နေထိုင်ပြီး နိုင်ငံတော်’ အချုပ်အခြာအာဏာ ယိမ်းယိုင်စေရန်နှင့် ဂုဏ်သိက္ခာကျစေရန် လုပ်ဆောင်နေသူများကို အရေးယူရန် ရှိ မရှိ မေးမြန်းမှုအပေါ် စစ်အုပ်စု ပြည်ထဲရေးဒုဝန်ကြီးက ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်၏ ဂုဏ်သိက္ခာကျဆင်းစေရန် မမှန်မကန်ရေးသားဖော်ပြခြင်း ဆောင်ရွက်နေသူများနှင့် သတင်းမီဒီယာများဖြစ်သည့် မြန်မာနောင်း၊ ခေတ်သစ်၊ မဇ္ဈိမ၊ ဒီဗွီဘီ၊ ဧရာဝတီသတင်းဌာနအေဂျင်စီတို့ကို သက်ဆိုင်ရာရဲစခန်းများ၊ တရားရုံးများ၌ အမှုဖွင့်ထားကြောင်း ၎င်းက ဆိုသည်။

သတင်းမီဒီယာ (၅) ခုကို ရာဇသတ်ကြီးပုဒ်မ ၁၂၄-က၊ ပုဒ်မ ၅၀၅-က၊ ၅၀၅-ခ၊ မတရားသင်းအက်ဥပဒေပုဒ်မ ၁၇(၁)၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က) နှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)၊ ၅၀(ည) တို့ဖြင့် အမှုဖွင့်ထားကြောင်း ၎င်းက ဆက်ပြောသည်။

စစ်အုပ်စုက ၎င်းတို့စောင့်ကြည့် အမှုဖွင့်ထားသည့် လူပုဂ္ဂိုလ်များနှင့် သတင်းမီဒီယာများကို ပြည်တွင်း၌ အမှုဖွင့်ပြီးနာက် အင်တာပိုလ်နှင့် အာဆီယံရဲတပ်ဖွဲ့ (ASEANPOL) တို့နှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိပြီး INTERPOL Red Notice ထုတ်ပြန်ကာ သက်ဆိုင်ရာနိုင်ငံ ရဲတပ်ဖွဲ့များမှ ဖမ်းဆီးပေးရေး တောင်းဆိုခြင်းများကို ဆောင်ရွက်နေကြောင်း ဗိုလ်ချုပ်မင်းသူက ပြောသည်။

သို့သော် စစ်အုပ်စုက ၎င်းတို့အလိုရှိသည့် အမှုဖွင့်ထားသူများကို ဖမ်းဆီးရမိနိုင်ရေးနှင့် တရားခံလွှဲပြောင်းနိုင်ပေးရေးတို့သည် သက်ဆိုင်ရာနိုင်ငံများ၏ နိုင်ငံရေးမူဝါဒ သဘောထားအပေါ်သာ မူတည်ပြီး အလိုရှိသည့် တရားခံများကို ဖမ်းဆီးလွှဲပြောင်းရယူနိုင်မှုရှိ မရှိအခြေအနေမှာ ကွာခြားမှုရှိကြောင်း ၎င်းက ဆိုသည်။

ပြည်ပနိုင်ငံများရှိ စစ်အုပ်စုလက်အောက်ခံ မြန်မာသံရုံးများမှ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ တင်ပြထားသော စာရင်းများအရ အာဏာသိမ်းစစ်အုပ်စုအပေါ် ဆန့်ကျင်သူများနှင့် ထွက်ပြေးတိမ်းရှောင်နေသူပေါင်း (၁၃၄၁) ဦးရှိကြောင်းနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)အဖွဲ့ဝင်များ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အဖွဲ့ဝင်များနှင့် ၎င်းတို့၏ လက်အောက်ခံအဖွဲံအစည်းများကို ဖမ်းဆီးရမိနိုင်ရေးနှင့် စောင့်ကြည်စာရင်းများ ထည့်သွင်းကာ ဆောင်ရွက်နေကြောင်း စစ်အုပ်စု လွှတ်တော်အစည်းအဝေး၌ ပြောဆိုထားသည်။

By RNA Editor