🔴 [UPDATE] ကျားဖောင် လူကုန်ကူးသူများကို ထောင်ဒဏ် ၁၅ နှစ်ချမှတ် ၊ ပြည်သူများ နေ့စဉ် တိုက်ခိုက်ခံနေရ

မင်္ဂလာ မနက်ခင်းပါရှင်။ Red News Agency သတင်းဌာနကနေ ထူးခြားသတင်းတွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ သတင်းတွေကို တင်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။ တင်ဆက်ပေးမဲ့သတင်းတွေကတော့ စိတ်ကျန်းမာရေးမကောင်းသူကို ကျားဖောင်လုပ်ကိုင်ရန် ခြိမ်းခြောက်ခေါ်ဆောင်ခဲ့သူများအား ထောင်ဒဏ် (၁၅) နှစ်စီ ချမှတ်လိုက်တယ်ဆိုတဲ့သတင်း၊ တောင်သာမြို့နယ်က မူလတန်းကျောင်းကို ဝေဟင်မှ အင်အားသုံး တိုက်ခိုက်ခံရတဲ့အတွက် ကလေးငယ်များအပါအဝင် အများပြား ထိခိုက်ခဲ့တယ်ဆိုတဲ့သတင်း၊ ယခုနှစ်အတွင်း မြန်မာနိုင်ငံသား (၁၀,၀၀၀) ကို နေရပ်ပြန်ပို့ခဲ့တယ်လို့ မလေးရှားဝန်ကြီးချုပ် ပြောကြားလိုက်တဲ့သတင်း အပါအဝင် အခြားစိတ်ဝင်စားစရာ ပြည်တွင်း ပြည်ပ သတင်းတွေ ဖြစ်ပါတယ်။

🔴 ယနေ့သတင်းများ အနှစ်ချုပ် –

📌 ကျားဖောင် လူကုန်ကူးသူများကို ထောင်ဒဏ် (၁၅) နှစ်စီ ချမှတ် ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်မှ စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသားတစ်ဦးအား ပင်လယ်ပြင် ကျားဖောင်လုပ်ငန်းသို့ ခြိမ်းခြောက်ရောင်းစားခဲ့သည့် လူကုန်ကူးဂိုဏ်းမှ ဖမ်းဆီးရမိသူ (၄) ဦးကို အလုပ်နှင့် ထောင်ဒဏ် (၁၅) နှစ်စီ အင်းစိန်ခရိုင်တရားရုံးက ချမှတ်လိုက်သည်။ ထွက်ပြေးတိမ်းရှောင်နေသူ (၆) ဦးကိုလည်း ဆက်လက်ရှာဖွေလျက်ရှိကြောင်း သိရသည်။

📌 တောင်သာ စာသင်ကျောင်း ဝေဟင်မှ ပစ်မှတ်ထားခံရသဖြင့် ကလေးများ ထိခိုက် မန္တလေးတိုင်း တောင်သာမြို့နယ် သာပေါင်းလေးရွာရှိ မူလတန်းကျောင်းကို အောက်တိုဘာ ၆ ရက် နံနက်ပိုင်းက တစ်ဖက်အဖွဲ့အစည်းမှ ဒရုန်းဖြင့် ဝေဟင်မှ အင်အားသုံး တိုက်ခိုက်ခဲ့ရာ စာသင်ကြားနေသည့် ကလေးငယ်များနှင့် ဆရာမများအပါအဝင် (၁၅) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ထားရသည်။

📌 ရေဦး ကျေးရွာများ ဒရုန်းဖြင့် တိုက်ခိုက်ခံရကာ ၃ ဦး ထိခိုက် စစ်ကိုင်းတိုင်း ရေဦးမြို့နယ်အနောက်ပိုင်းရှိ ကျေးရွာများကို အောက်တိုဘာ ၄ ရက်နေ့က နမခ မှတက်လာသည့် ဒရုန်း (၃) စီးဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခဲ့ရာ ညောင်စောက်ရွာမှ အသက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် (၃) ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ မပေါက်ကွဲဘဲ ကျန်ရစ်သည့် ဒရုန်းတစ်စီးကို ရွှေဘိုခရိုင် ပကဖ တပ်ရင်း ၁၄ က ရှင်းလင်းပေးခဲ့သည်။

📌 ဘန်ကောက်လေဆိပ်တွင် ဒေါ်လာ ၁.၇ သန်းကျော် သိမ်းဆည်းရမိ ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်တွင် အင်ဒိုနီးရှားနိုင်ငံမှ ဝင်ရောက်လာသည့် ခရီးသည် (၂) ဦး၏ ခရီးဆောင်အိတ်အတွင်းမှ တရားမဝင် သယ်ဆောင်လာသော အမေရိကန်ဒေါ်လာ (၁.၇) သန်းကျော် (ဘတ် ၅၆ သန်းကျော် တန်ဖိုး) ကို အောက်တိုဘာ ၅ ရက်နေ့က အကောက်ခွန်ဌာနမှ ရှာဖွေသိမ်းဆည်းရမိခဲ့ပြီး အဆိုပါခရီးသည်များကို ထိန်းသိမ်းထားသည်။

📌 မြန်မာ ၁၀,၀၀၀ ကို နေရပ်ပြန်ပို့ခဲ့ကြောင်း မလေးရှားဝန်ကြီးချုပ် အတည်ပြု ယခုနှစ်အတွင်း မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသား (၁၀,၀၀၀) ကျော်ကို နေရပ်သို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က လွှတ်တော်တွင် အတည်ပြုပြောကြားခဲ့သည်။ ကုလသမဂ္ဂနှင့် လူ့အခွင့်အရေးအဖွဲ့များ၏ ဝေဖန်မှုများရှိနေသော်လည်း ၎င်းတို့၏ ဘေးကင်းရေးကို မြန်မာတာဝန်ရှိသူများက အာမခံထားကြောင်းနှင့် ယခုလအတွင်း ကွာလာလမ်ပူ၌ တစ်ဖက်အဖွဲ့အစည်း၏ ခေါင်းဆောင်နှင့် တွေ့ဆုံဆွေးနွေးရန်ရှိကြောင်း ၎င်းက ထပ်လောင်းပြောဆိုခဲ့သည်။

လွတ်လပ်တဲ့ Red News Agency သတင်းဌာနကနေ ထူးခြားသတင်းတွေနဲ့ ပြည်သူတွေ သိသင့် သိထိုက်တဲ့ ဆောင်းပါးတွေ၊ ဝေဖန်သုံးသပ်ချက်တွေကိုလည်း ဆက်လက်တင်ဆက်ပေးနေမှာ ဖြစ်ပါတယ်ရှင်။ ကြည့်ရှု နားဆင် ပေးကြတဲ့ ပရိတ်သတ်များ အားလုံးနဲ့ ကမ္ဘာ့နိုင်ငံသူ နိုင်ငံသားများအားလုံး စစ်ဘေးအပါအဝင် ဘေးအန္တရာယ်အပေါင်းကနေ လွတ်မြောက်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။

#RedNewsAgency #RedNews #RNA

By Editor