RNA_အောက်တိုဘာ(၆)၊၂၀၂၆ခုနှစ်။
မန္တလေးတိုင်း တောင်သာမြို့နယ် သာပေါင်းလေးရွာရှိ မူလတန်း စာသင်ကျောင်းကို စစ်အုပ်စုက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် စာသင်ကြားနေသည့် ကလေးငယ်များအပါအဝင် (၁၅) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
တောင်သာမြို့နယ် ထန်းပင်ကန်ရွာ ရေအောင်မြင်ဘုရား၌ တပ်စွဲထားသည့် စစ်အုပ်စုက သာပေါင်းလေးရွာရှိ စာသင်ကျောင်းကို ယနေ့ (အောက်တိုဘာ ၆ ရက်) နံနက် (၈) နာရီဝန်းကျင်၌ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီကလည်း ဖော်ပြထားသည်။
စစ်အုပ်စု ဒရုန်းဖြင့် ဗုံးကြဲချတိုက်ခိုက်ချိန်တွင် မူလတန်းစာသင်ကျောင်း၌ ကလေးငယ်များ စာသင်ကြားနေချိန်ဖြစ်သောကြောင့် ထိခိုက်ဒဏ်ရာရသူ များပြားခဲ့ပြီး အချို့သည် ပြင်းထန်ဒဏ်ရာရရှိထားကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရသူများထဲတွင် ကလေးငယ်များနှင့် စာသင်ကြားနေသည့် ဆရာမလည်း ပါဝင်ခဲ့ကြောင်း သိရပြီး ထိခိုက်ဒဏ်ရာရသူများကို နီးစပ်ရာဆေးရုံ၊ ဆေးခန်းများကို ပို့ဆောင်ထားရကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။