🔴 [REVIEW] မီဒီယာကို လက်နက်သဖွယ် အသုံးမချသင့်သည့် အယူအဆဘက်မှ တုံ့ပြန်ချေပခြင်း

မင်္ဂလာ မနက်ခင်းပါရှင်။ Red News Agency သတင်းဌာနကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမှာကတော့ တော်လှန်ရေးကာလအတွင်း မီဒီယာရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး ကိုကျော်ကိုကို ရေးသားထားတဲ့ “မီဒီယာကို လက်နက်သဖွယ် အသုံးမချသင့်သည့် အယူအဆဘက်မှ တုံ့ပြန်ချေပခြင်း” ဆိုတဲ့ ဆောင်းပါး ဖြစ်ပါတယ်။

🔴 ဒီဆောင်းပါးမှာ ဘာတွေ ပါဝင်မလဲ?

📌 မီဒီယာနှင့် လူတန်းစားအမြင် (Marxist View)

ကားလ်မာ့က်စ်ရဲ့ အုပ်စိုးသူလူတန်းစား အတွေးအခေါ် (On ruling ideas) ကို အခြေခံပြီး မီဒီယာတွေဟာ အရင်းရှင်အကျိုးစီးပွားကို ဘယ်လိုပုံဖော်ပေးနေသလဲဆိုတဲ့ အယူအဆ၊ လီနင်ရဲ့ “သတင်းစာသည် စုပေါင်းဝါဒဖြန့်ချိသူ၊ ဆော်သြလှုံ့ဆော်သူ၊ စည်းရုံးသူ” ဆိုတဲ့ တော်လှန်သော မီဒီယာအယူအဆ (Revolutionary Media Model) ကို သရုပ်ခွဲ ဆန်းစစ်ထားပါတယ်။

📌 မီဒီယာကို အသုံးချသည့် အယူအဆ (Instrumentalism)

မီဒီယာကို ကိရိယာတန်ဆာပလာတစ်ခုအနေနဲ့ သဘောထားပြီး ပဋိပက္ခကြားမှာ ကြားနေအသွင်မဆောင်ဘဲ တော်လှန်ရေးဝါဒဖြန့်ဖို့ အသုံးချသင့်တယ်ဆိုတဲ့ အမြင်တွေ (ဥပမာ – စစ်ရေးလျှို့ဝှက်ချက် ထိန်းချုပ်ခြင်း၊ အမှန်တရားကို ချိန်ထိုးရွေးချယ်ခြင်း) ဟာ ဘာကြောင့် ဖြစ်ပေါ်လာသလဲဆိုတာကို ရှင်းပြထားပါတယ်။

📌 မီဒီယာချုပ်ကိုင်မှုရဲ့ ဘေးထွက်ဆိုးကျိုးများ (Side Effects)

မီဒီယာကို လက်ကိုင်တုတ် (Henchmen) အဖြစ် အသုံးချပါက –

၁။ မူလအာဏာပိုင်ရှင်ဖြစ်တဲ့ ပြည်သူကို မျက်ကွယ်ပြုရာ ရောက်ခြင်း။

၂။ အမှားတွေကို ဖုံးကွယ်ထားခြင်းဖြင့် ပြည်သူတွေရဲ့ နိုင်ငံရေးရေချိန် (Political Awareness) ကို ကျဆင်းစေခြင်း။

၃။ အပြန်အလှန်ဆက်ဆံရေး (Interactive Relations) ပျောက်ဆုံးကာ အထက်မှအောက်သို့ တစ်ဖက်သတ် ညွှန်ကြားမှု (One-way Communication) ဖြစ်သွားခြင်းစတဲ့ ဆိုးကျိုးတွေကို ထောက်ပြထားပါတယ်။

📌 ရိုဆာ လူဇင်ဘတ်ချ်၏ အမွေနှင့် သတင်းလွတ်လပ်ခွင့်

“သတင်းစာလွတ်လပ်ခွင့်မရှိပါက ပြည်သူ့သက်ဝင်လှုပ်ရှားမှု သေဆုံးပြီး ဗျူရိုကရေစီသာ အသက်ရှင်မည်၊ အဆုံးတွင် အာဏာရှင်ပေါ်ထွက်လာမည်” ဆိုတဲ့ ရိုဆာ လူဇင်ဘတ်ချ်ရဲ့ ဟောကိန်းကို ထောက်ပြကာ သတင်းမီဒီယာ လွတ်လပ်ခွင့်ဘက်မှ ပြတ်ပြတ်သားသား ရပ်တည်ထားပါတယ်။ “အရင်းရှင်ကမကြိုက်ရင်လည်း အလုပ်ပြုတ်ခံပြီး အမှန်တရားကို ပြောရဲရမယ်။ အာဏာရှင်က မကြိုက်ရင်လည်း အဖမ်းခံ၊ အသတ်ခံပြီး အမှန်တရားဘက် ပြတ်ပြတ်ရပ်ရမယ်။” ဆိုတဲ့ ခိုင်မာတဲ့ ရပ်တည်ချက်နဲ့အတူ မီဒီယာတွေဟာ “အမှန်တရားနဲ့ ပြည်သူ” ကလွဲပြီး ဘာကိုမှ ဦးစားမပေးသင့်ကြောင်း ဆောင်းပါးရှင် ကိုကျော်ကိုကိုက အခိုင်အမာ တုံ့ပြန်ချေပထားပါတယ်။

ဒီဆောင်းပါးအပြည့်အစုံကို Red News Agency ဝက်ဘ်ဆိုက်မှာလည်း ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ လွတ်လပ်တဲ့ Red News Agency သတင်းဌာနကနေ ထူးခြားသတင်းတွေနဲ့ ပြည်သူတွေ သိသင့် သိထိုက်တဲ့ ဆောင်းပါးတွေ၊ ဝေဖန်သုံးသပ်ချက်တွေကို ဆက်လက်တင်ဆက်ပေးနေမှာ ဖြစ်ပါတယ်ရှင်။ ကြည့်ရှု နားဆင်ပေးကြတဲ့ ပရိသတ်များ အားလုံး ဘေးအန္တရာယ်အပေါင်းကနေ လွတ်မြောက်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်ရှင်။

#RedNewsAgency #RedNews #RNA

By Editor