စိတ်ကျန်းမာရေးမကောင်းသူကို ကျားဖောင်လုပ်ကိုင်ရန် ခြိမ်းခြောက်ခေါ်ဆောင်ခဲ့သူများအား ထောင်ဒဏ် (၁၅) နှစ်စီ ချမှတ်

RNA_အောက်တိုဘာ(၆)၊၂၀၂၆ခုနှစ်။

ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်တွင် နေထိုင်သည့် စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသား (၁) ဦးအား ပင်လယ်ပြင်တွင်း ကျားဖောင်၌ အလုပ်လုပ်ကိုင်ရန်အတွက် ခြိမ်းခြောက်ခေါ်ဆောင်ခဲ့သူများထဲမှ ဖမ်းဆီးရမိသူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် (၁၅) နှစ်စီ ချမှတ်ခဲ့ကြောင်း စစ်အုပ်စုလက်အောက်ခံ ရဲတပ်ဖွဲ့က ယနေ့ (အောက်တိုဘာ ၆ ရက်)_ ထုတ်ပြန်ထားသည်။

စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသားသည် နေအိမ်မှ ပျောက်ဆုံးသွားသဖြင့် ဖခင်ဖြစ်သူမှ လိုက်လံရှာဖွေရာ မင်္ဂလာဒုံမြို့နယ်နေ ဇော်လှိုင်မောင်မောင်၊ ဆိုတေး၊ ထွန်းဝင်းလှိုင်(ခ)ကုလားဝတုတ်၊ ကျော်နိုင်ဦး(ခ)ဘုံတို၊ မြမြထွေး(ခ)ကလေးမနှင့် ရီရီသန်းတို့ကို ခြိမ်းခြောက်ခေါ်ဆောင်သွားကြောင်း သိရပြီးနောက် ဒေသအာဏာပိုင်များကို တိုင်တန်းခဲ့ကြောင်း သိရသည်။

ယင်းနောက် စစ်အုပ်စုလက်အောက်ခံ ရဲတပ်ဖွဲ့က ရှာဖွေစုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ချိန် ၎င်းတို့ (၆) ဦးသည် စိတ်ကျန်းမာရေးမကောင်းသည့် အမျိုးသားကို ကျားဖြန့်လုပ်ငန်းသို့ ပို့ဆောင်ခဲ့ကြောင်းနှင့် အကျိုးအမြတ်အဖြစ် အေးလွင်၊ ကံ့ကော်ပန်း(ခ)ပုံ့ပုံ့နှင့် အောင်ကိုဦးတို့နှင့် ပူးပေါင်းချိတ်ဆက်မှုများ လုပ်ဆောင်ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

၎င်းတို့ကို အမှတ် (၆) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (ရန်ကုန်) မှ တရားလိုပြုလုပ်ကာ လှိုင်သာယာမြို့နယ် (အနောက်ပိုင်း) နယ်မြေရဲစခန်း၌ လူကုန်ကူးမှုဖြင့်တားဆီးနှိမ်နင်ရေး ဥပဒေပုဒ်မ ၃၈ (ခ)ဖြင့် အမှုဖွင့် တရားစွဲခဲ့ကြောင်း သိရသည်။

ယင်းနောက် ၎င်းတို့ထဲမှ ဖမ်းဆီးရမိခဲ့သည့် အေးလွင်၊ ကံ့ကော်ပန်း(ခ)ပုံ့ပုံ့၊ အောင်ကိုနှင့် ဇော်လှိုင်မောင်မောင်တို့ (၄) ဦးကို ဥပဒေပုဒ်မ ၃၈(ခ)ဖြင့် အင်းစိန်ခရိုင်တရားရုံးမှ အလုပ်နှင့်ထောင်ဒဏ် (၁၅) နှစ်စီ ချမှတ်ခဲ့ကြောင်း၊ ကျန်ထွက်ပြေးတိမ်းရှောင်နေသူ (၆) ဦးကိုလည်း ဆက်လက်ဖမ်းဆီးရမိနိုင်ရေးအတွက် ဆောင်ရွက်နေကြောင်း သိရသည်။

ဓာတ်ပုံ – ခင်မြတ်မြတ်ဝေ

By RNA Editor