လူအစုလိုက်အပြုံလိုက် သေဆုံးခဲ့သည့် ကျောက်တော် ဗုံးကြဲတိုက်ခိုက်ခံရမှုအပေါ် ကုလသမဂ္ဂနှင့် ယူကေသံရုံးတို့က ရှုတ်ချ

RNA_စက်တင်ဘာ(၃၀)၊၂၀၂၆ခုနှစ်။

လူအစုလိုက်အပြုံလိုက်သေဆုံးခဲ့သည့် ရခိုင်ပြည်နယ် ကျောက်တော်မြို့ အိန္ဒိယဈေးအား စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်ခဲ့မှုအပေါ် ပြင်းထန်စွာရှုတ်ချကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးအဖွဲ့ (UNHR) နှင့် မြန်မာနိုင်ငံဆိုင်ရာ ယူကေသံရုံးတို့က ထုတ်ပြန်ထားသည်။

အရပ်သားပြည်သူ သေဆုံးမှု (၅၀) ဦးအထိရှိလာသည့် စက်တင်ဘာ (၂၈) ရက်က ကျောက်တော်မြို့ အိန္ဒိယဈေး ဗုံးကြဲတိုက်ခိုက်ခံရမှုအပေါ် အရပ်သားပြည်သူများအား ပစ်မှတ်ထား တိုက်ခိုက်မှုအပေါ် လုံးဝလက်ခံနိုင်ဖွယ်မရှိကြောင်းနှင့် ယခုကဲ့သို့ ဆိုးရွားလှသည့် တိုက်ခိုက်မှုအပေါ် ယူကေအစိုးရမှ ပြင်းထန်စွာ ရှုတ်ချကြောင်း ယနေ့ (စက်တင်ဘာ ၃၀ ရက်) တွင် ယူကေသံရုံးက ထုတ်ပြန်ထားသည်။

ယူကေအစိုးရအနေဖြင့် မြန်မာပြည်သူများနှင့်အတူ ရပ်တည်ကြောင်း၊ အရပ်သားပြည်အားလုံဂကို အကာအကွယ်ရေးရန်၊ လေကြောင်းတိုက်ခိုက်မှုများ ရပ်တန့်ရန် ပြတ်ပြတ်သားသား ပြောကြားထားပြီးဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

ဈေးရောင်းဈေးဝယ်၊ ကုန်တင်ကုန်ချနှင့် ကလေးငယ်များအပါအဝင် အရပ်သားပြည်သူများ အများစုရှိရာနေရာကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့မှုသည် စစ်အုပ်စုအနေဖြင့် နိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာဥပဒေများအား လေးစားလိုက်နာမှု မရှိသည့်အပေါ် စိုးရိမ်မှုမြင့်တက်စေခဲ့ကြောင်း၊ စစ်ဘက်နှင့် အရပ်ဘက်ဆိုင်ရာ ပစ်မှတ်ကို မခွဲခြားတိုက်ခိုက်နေမှုအပေါ် ရှုတ်ချကြောင်း UNHR မဟာမင်ကြီး Volker Türk က ပြောကြားထားသည်။

နိုင်ငံတစ်ဝန်း စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများကို အရပ်သားပြည်သူများ ဆိုးဆိုးရွားရွား ရင်ဆိုင်ကြုံတွေ့နေရပြီး ရခိုင်ပြည်နယ်အတွင်း၌ အဆိုးရွားဆုံးဖြစ်နေကြောင်း၊ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတွင်း ဆိုးရွားသည့် အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ အများအပြားဖြစ်ပွားနေကြောင်း ၎င်းက ဆက်ပြောသည်။

ကျောက်တော်မြို့ အိန္ဒိယဈေး ဗုံးကြဲခံရမှုအပေါ် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များ (APHR) က ကန့်ကွက်ရှုတ်ချထားပြီး ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ စစ်အုပ်စုအနေဖြင့် တာဝန်ခံရမည်ဟု စက်တင်ဘာ (၂၉) ရက် ထုတ်ပြန်ချက်၌ ဖော်ပြထားပြီး အာဆီယံအပါအဝင် နိုင်ငံတကာအစိုးရ တာဝန်ရှိသူများအနေဖြင့် စစ်အုပ်စုအား အရေးယူမှုများ လုပ်ဆောင်ရန် တောင်းဆိုထားသည်။

လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူများထဲတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် ကလေးငယ်တို့ပါဝင်ခဲ့ပြီး အရပ်သားပြည်သူများအား စစ်အုပ်စု၏ အကြမ်းဖက်တိုက်ခိုက်မှုသည် လူသားမျိုးနွယ်အပေါ် စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်ကြောင်း၊ စစ်အုပ်စုအား နိုင်ငံတကာမှ ပြင်းပြင်းထန်ထန် အရေးယူမှု လုပ်ဆောင်ရန်လည်း ရခိုင်နှင့် ဒေသတွင်း အရပ်ဖက်အဖွဲ့အစည်းများက တောင်းဆိုထားကြသည်။

By RNA Editor