လူအစုလိုက်အပြုံလိုက်သေဆုံးခဲ့သည့် ကျောက်တော်ဈေး ဗုံးကြဲတိုက်ခိုက်ခံရမှုအပေါ် စစ်အုပ်စု တာဝန်ခံရမည်ဟု အာဆီယံလွှတ်တော်အမတ်များ ပြော

RNA_စက်တင်ဘာ(၂၉)၊၂၀၂၆ခုနှစ်။

လူအစုအလိုက်အပြုံလိုက် သေဆုံးခဲ့သည့် ရခိုင်ပြည်နယ် ကျောက်တော်မြို့အား ဗုံးကြဲတိုက်ခိုက်ခဲ့မှုအပေါ် စစ်အုပ်စုအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမည်ဟု လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များ (APHR) က ယနေ့ (စက်တင်ဘာ ၂၉ ရက်) ထုတ်ပြန်ချက်၌ ပြောကြားထားသည်။

စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပြည်သူများရှိရာ ကျောက်တော်မြို့ အိန္ဒိယဈေးနှင့် ကစ္ဆပနဒီတံတားအနီးကို စစ်အုပ်စုက စက်တင်ဘာ (၂၈) ရက် နေ့လည်ပိုင်းတွင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု (၂) ကြိမ် လုပ်ဆောင်ခဲ့မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် အရပ်သားပြည်သူ (၅၀) ဦးအထိ သေဆုံးခဲ့ပြီး (၆၀) ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“မင်းအောင်လှီုင်နဲ့ စစ်အုပ်စုက လူသားမျိုးနွယ်အပေါ် ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမယ်။ သူတို့တွေက နိုင်ငံတစ်ဝန်းက အရပ်သားပြည်သူတွေအပေါ် လေကြောင်းနဲ့ ဒရုန်းကို အသုံးပြုပြီး တိုက်နေတာပါ”ဟု APHR ဥက္ကဋ္ဌလည်းဖြစ် အင်ဒိုနီးရှားလွှတ်တော်အမတ်လည်းဖြစ်သူ Mercy Chriesty Barends က ပြောကြားထားသည်။

လာမည့် နိုဝင်ဘာလတွင်ကျင်းပမည့် (၄၉) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၌ စစ်အုပ်စု ထိပ်ပိုင်းတာဝန်ရှိသူများကို ဖိတ်ခေါ်ခြင်းမပြုဘဲ ချန်လှန်ထားရန်၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့်လည်း စစ်အုပ်စုအား အသိအမှတ်ပြု ဆက်ဆံခြင်း၊ ချစ်ကြည်ရေးခရီးစဉ် ဖိတ်ခေါ်ခြင်းနှင့် ကောဇောနီခင်း ကြိုဆိုခြင်းများ မပြုလုပ်ကြရန် APHR က တောင်းဆိုထားသည်။

ထို့ပြင် ကုလသမဂ္ဂအနေဖြင့် အာဏသိမ်းစစ်အုပ်စုအား အသိအမှတ်မပြုရန်နှင့် နိုင်ငံတကာအစိုးရအဖွဲ့ တာဝန်ရှိသူများအနေဖြင့် စစ်အုပ်စုက လက်နက်ခဲယမ်းများ၊ လောင်စာဆီများ ရောင်းချထောက်ပံ့ခြင်း မလုပ်ဆောင်ရန်၊ စစ်အုပ်စုတာဝန်ရှိသူများအား ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုများ လုပ်ဆောင်ရန်၊ စစ်အုပ်စုအား တရားစွဲဆို အရေးယူမှုများ ဆောင်ရွက်နေသည့် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) နှင့် နိုင်ငံတကာရာဇဝတ်မှုခုံရုံး (ICC) တို့နှင့်လည်း ပူးပေါင်းဆောင်ရွက်ရန် APHR က တောင်းဆိုထားသည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာ (၁၂) ရက်ကလည်း ကျောက်တော်မြို့ရှိ စာသင်ကျောင်းကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ကျောင်းသား/ကျောင်းသူ (၂၁) ဦး သေဆုံးခဲ့သည်။ ထို့ပြင် ၂၀၂၅ ဒီဇင်ဘာလ (၁၀) ရက်ကလည်း မြောက်ဦးမြို့နယ် ဆေးရုံကို လေကြောင်းတိုက်ခိုက်မှုကြောင့် လူနာများအပါအဝင် (၃၃) ဦး သေဆုံးခဲ့ပြီး (၇၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ကုလသမဂ္ဂလူ့အခွင့်အရေးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၂၅ ခုနှစ်အတွင်း စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် နိုင်ငံတစ်ဝန်း အရပ်သားပြည်သူ (၉၈၂) ဦး သေဆုံးခဲ့ပြီး ၂၀၂၄ ခုနှစ်အတွင်းက (၆၄၁) ဦးအထိ သေဆုံးခဲ့ကြောင်း၊ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စုက အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ပြည်သူ (၁) သိန်းထက်မနည်း သေဆုံးခဲ့ပြီး (၅) သန်းနီးပါး နေရပ်စွန့်ခွာတိမ်းရှောင်ရမှုများရှိနေကြောင်း သိရသည်။

By RNA Editor