စစ်အုပ်စု၏ စောင့်ကြည့်ရေးယန္တရားအားကောင်းနေပြီး ဒစ်ဂျစ်တယ်လုံခြုံရေး အထူးဂရုစိုက်ကြရန် MIP တာဝန်ရှိသူ ပြော

RNA_စက်တင်ဘာ(၃၀)၊၂၀၂၆ခုနှစ်။

မြန်မာနိုင်ငံတွင်း လူသုံးများသည့် လူမှုကွန်ရက်များအပါအဝင် အင်တာနက်အသုံးပြုသူများကို စောင့်ကြည့်နေသည့် စစ်အုပ်စု၏ ဒစ်ဂျစ်တယ်စောင့်ကြည့်ရေး ယန္တရားသည် အားကောင်းကောင်းနှင့် လည်ပတ်နေခြင်းကြောင့် ဒစ်ဂျစ်တယ်လုံခြုံရေးကို အထူးဂရုစိုက်ကြရန် မြန်မာအင်တာနက်ပရောဂျက် (MIP) မှ ဒစ်ဂျစ်တယ်အခွင့်အရေး လေ့လာသုံးသပ်သူ ကိုသစ်ဉာဏ်က ပြောသည်။

ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF) အဖွဲ့ဝင် (၂၇၀၀) ၏ အချက်အလက်များကို ရရှိထားပြီး (၂၁) ဦးကို ဖမ်းဆီးထားကြောင်း စစ်အုပ်စုက ယခု စက်တင်ဘာ (၂၈) ရက်တွင် ထုတ်ပြန်ခဲ့ပြီးနောက် တော်လှန်ရေး၌ ပူးပေါင်းပါဝင်သူများအကြား စိုးရိမ်မှုများ မြင့်တက်ခဲ့သည်။

သို့သော် စစ်အုပ်စု၏ ထုတ်ပြန်မှုသည် ဝါဒဖြန့်ချိမှုသက်သက်သာဖြစ်ပြီး ယင်းအချက်အလက်များကို PRF တာဝန်ရှိသူများအနေဖြင့် အပြည့်အဝစိစစ်ပြီးဖြစ်ကြောင်း၊ အမှန်တရားနှင့် လုံးဝကိုက်ညီမှုမရှိသည့် လိမ်လည်စွပ်စွဲချက်သာဖြစ်ကြောင်း PRF က စက်တင်ဘာ (၂၉) ရက် ညပိုင်းတွင် ထုတ်ပြန်ထားသည်။

ယခုကဲ့သို့ တော်လှန်ရေး၌ ပါဝင်ပတ်သက်နေသူများ၏ အချက်အလက်များနှင့် ဖမ်းဆီးရမိထားသူများအား စစ်အုပ်စုဘက်မှ ဝါဒဖြန့် ထုတ်ပြန်မှုအပေါ် စစ်အုပ်စု၏ ခြိမ်းခြောက်မှုသက်သက်ဟု မယူဆဘဲ တော်လှန်ရေးအင်အားစုများအနေဖြင့် လှုပ်ရှားမှုတိုင်း၌ ဒစ်ဂျစ်တယ်လုံခြုံရေးကို အထူးသတိထားသင့်ကြောင်း ကိုသစ်ဉာဏ်က ထောက်ပြပြောဆိုထားသည်။

“အသိပေးချင်တာက စစ်အုပ်စုရဲ့ ဒစ်ဂျစ်တယ်စောင့်ကြည့်ရေးယန္တရားအားကောင်းနေပြီး ကွန်ရက်တစ်ခုနဲ့တစ်ခု ချိတ်မိနေပြီဆိုတာပါ။ ဒီအချက်ကို တော်လှန်ရေးအင်အားစုတွေအနေနဲ့ သတိချပ်သင့်ပါတယ်။ လှုပ်ရှားမှုတိုင်းမှာ ဒစ်ဂျစ်တယ်လုံခြုံရေးသတိရှိသင့်ပြီး ပူးပေါင်းပါဝင်သူတွေ၊ အားပေးသူတွေရဲ့ လုံခြုံရေးကို ထည့်သွင်းစဉ်းစားတဲ့ လှုပ်ရှားမှုများကို လုပ်ဆောင်နိုင်ဖို့ အရေးကြီးပါတယ်” ဟု ၎င်းက ပြောသည်။

တော်လှန်ရေး၌ ပါဝင်ပတ်သက်နေပြီး နည်းပညာပိုင်းဆိုင်ရာအရ အဓိကတာဝန်ရှိသူများအနေဖြင့် ဒစ်ဂျစ်တယ်လုံခြုံရေးကို ပိုမိုအလေးထားရန် လိုအပ်ပြီး မိမိပလက်ဖောင်းပေါ်အား သုံးစွဲနေသူများကိုလည်း အွန်လိုင်းလိမ်လည် လှည့်ဖြားမှုများအပါအဝင် ဒစ်ဂျစ်တယ်လုံခြုံရေး သတိပြုရန် အကြောင်းအရာများကို အသိပေးထားရန် လိုအပ်ကြောင်း ကိုသစ်ဉာဏ်က ပြောသည်။

PRF အနေဖြင့် စတင်တည်ထောင်ချိန်မှစ၍ ထောက်ပို့တော်လှန်ပြည်သူများ၏ အမည်၊ နေရပ်လိပ်စာ၊ ဓာတ်ပုံ စသည့် ကိုယ်ရေးအချက်အလက်များကို ကောက်ခံသိမ်းဆည်းခြင်း မရှိကြောင်း၊ အဖွဲ့ဝင်အဖြစ် မှတ်ပုံတင်ရန် အမည်လွှဲတစ်ခုနှင့် အီမေးလ်တစ်ခုကိုသာ တောင်းခံခဲ့ကြောင်း၊ ယင်းအတွက်ကြောင့် အဖွဲ့ဝင် (၂၇၀၀)_ ၏ အချက်အလက်များ ရရှိထားသည်ဟု စစ်အုပ်စု စွပ်စွဲချက်သည် အခြေအမြစ်မရှိကြောင်း PRF ၏ ထုတ်ပြန်ချက် ဖော်ပြထားသည်။

“နည်းပညာရှုထောင့်က ပြောရရင် ဒစ်ဂျစ်တယ်လုံခြုံရေးကို အထူးဂရုစိုက်ရပါတယ်။ လုံခြုံရေးကျိုးပေါက်ရင် ဒစ်ဂျစ်တယ်လုံခြုံရေးကို အလေးမထားရင် အန္တရာယ်နဲ့ကြုံတွေ့နိုင်ပါတယ်။ သတင်းအချက်ပေးသူ၊ ဝက်ဘ်ဆိုက်တည်ထောင်သူ၊ ဆက်သွယ်ဆောင်ရွက်သူတွေဟာ ဒစ်ဂျစ်တယ်ပလက်ဖောင်းမှာ လုံခြုံရေးသတိရှိရမှာဖြစ်သလို ကိုယ့်ကို ဆက်သွယ်နေသူတွေ ဒါမှမဟုတ် ကိုယ့်ဝက်ဘ်ဆိုက်အသုံးပြုနေသူတွေကို အခုလို လှည့်ဖြားမှုအပါအဝင် ဒစ်ဂျစ်တယ်လုံခြုံရေးသတိပြုစရာတွေကို အသိပေးထားဖို့ လိုပါတယ်”ဟု ကိုသစ်ဉာဏ်က အသိပေး ထောက်ပြပြောဆိုထားသည်။

ယခုလ စက်တင်ဘာ (၂၄) ရက်က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ အထူးတိုင်းစစ်ဌာန နယ်မြေအတွင်းရှိ ပဲခူးတိုင်းနှင့် မွန်ပြည်နယ်စပ်တစ်နေရာကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းသည် အထူးတိုင်းစစ်ဌာနနှင့်ပတ်သက်သော တာဝန်ရှိသူအချို့၏ ဒစ်ဂျစ်တယ်လုံခြုံရေးပေါ့လျော့မှုကြောင့် ဝေဖန်မှုရှိခဲ့သည်။

ယင်းဖြစ်စဉ်အတွင်း CDM တပ်ကြပ်ကြီး ကိုနေဝင်းအောင်နှင့် အထူးတိုင်းစစ်ဌာနမှ ရဲဘော် (၄) ဦး ကျဆုံးခဲ့ပြီး (၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“စစ်အုပ်စုဟာ တော်လှန်ရေးအင်အားစုတွေ ထိခိုက်နစ်နာမှုရှိတဲ့အခါတိုင်း အများပြည်သူ ကြောက်ရွံ့အောင် ထုတ်ပြန်လေ့ရှိပြီး ခြိမ်းခြောက်တတ်ပါတယ်။ ဒါပေမဲ့ ဒါဟာ ခြိမ်းခြောက်မှုသက်သက်လို့ မယူဆသင့်ပါဘူး။ စောင့်ကြည့်ရေးယန္တရားတွေ လည်ပတ်အလုပ်လုပ်နေပြီး ကိုယ့်အပေါ်ထိခိုက်နိုင်တယ်။ စစ်အုပ်စုရဲ့ ဖမ်းဆီးအရေးယူတွေကို ကြုံတွေ့ရနိုင်တယ်ဆိုတာ သတိရှိသင့်ပါတယ်”ဟု ကိုသစ်ဉာဏ်က ပြောသည်။

စစ်အုပ်စု ဖမ်းဆီးထားမှုတွင် ဖော်ပြထားခံရသူများသည် ယခင်လများအတွင်းက Wave Money Agent တစ်ဦး၏ စာရင်းများနှင့် အခြားကိစ္စများကို အကြောင်းပြု၍ ဖမ်းဆီးခံရသူများ၏ ဖုန်းများမှ ရရှိသည့် အချက်အလက်များကို စုစည်းကာ PRF နှင့်ဆက်စပ်ပြီး ချဲ့ကားထုတ်ပြန်ထားခြင်းသာ ဖြစ်ကြောင်း၊ တော်လှန်ရေးကို ကူညီပံ့ပိုးခဲ့ကြသည့် ပြည်သူများ ဖမ်းဆီးခံရခြင်းအပေါ် PRF အနေဖြင့် စာနာဝမ်းနည်းရပြီး ၎င်းတို့အတွက် တရားမျှတမှုရရှိရေး ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ဆိုသည်။

စစ်အုပ်စုနှင့် လက်အောက်ခံအဖွဲ့အစည်းများအပါအဝင် ၎င်းတို့နှင့် ပူးပေါင်းလုပ်ဆောင်နေသည့် ငွေကြေးလုပ်ငန်းဆိုင်ရာ သက်ဆိုင်ရာဘဏ်များကလည်း ပြည်သူများ၏ ငွေကြေးလွှဲပြောင်းမှုများကို အမြဲမပြတ်စောင့်ကြည့်နေပြီး တော်လှန်ရေးအဖွဲ့မျာနှင့် ဆက်စပ်ပတ်သက်နေသည်ဟု ယူဆပါက ဘဏ်အကောင့်များကို ယာယီပိတ်သိမ်းမှုများ လုပ်ဆောင်နေကြသည်။

By RNA Editor