PRF ထောက်ပို့အဖွဲ့ဝင် ဖမ်းဆီးခံရမှုနှင့် စာရင်းများရရှိထားကြောင်း စစ်အုပ်စု ဖော်ပြမှုသည် ဝါဒဖြန့်မှုသက်သက်သာ ဖြစ်

RNA_စက်တင်ဘာ(၂၉)၊၂၀၂၆ခုနှစ်။

တော်လှန်ရေးတပ်ဖွဲ့များအား ကူညီထောက်ပံ့နေသည့် ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF) အဖွဲ့ဝင်များ ဖမ်းဆီးခံရမှုနှင့် အဖွဲ့ဝင်စာရင်းများ ရရှိထားသည်ဟု စစ်အုပ်စုဘက်မှ ထုတ်ပြန်မှုသည် ဝါဒဖြန့်မှုသက်သက်သာဖြစ်ကြောင်း နည်းပညာကျွမ်းကျင်သူများက သုံးသပ်ပြောထားသည်။

စစ်အုပ်စု၏ ယနေ့ (စက်တင်ဘာ ၂၉ ရက်) ထုတ်ပြန်ချက်၌ တော်လှန်ရေးတပ်ဖွဲ့များအတွက် PRF မှတဆင့် ငွေကြေးထောက်ပံ့ခဲ့သူ (၂၁) ဦးကို ဖမ်းဆီးရမိထားကြောင်း ဓာတ်ပုံနှင့်တကွ ဖော်ပြထားပြီး PRF အဖွဲ့ဝင် (၂၇၀၀) ၏ စာရင်းကိုလည်း ရရှိထားကြောင်း ဖော်ပြထားသည်။ စစ်အုပ်စု၏ ထုတ်ပြန်ချက်အရ WavePay ဖြင့် ထောက်ပံ့သူ (၇၀၀) ဦး၊ NUG Pay ဖြင့် ထောက်ပံ့သူ (၁၀၀၀) ဦးနှင့် SDB ဘဏ်ဖြင့် ထောက်ပံ့သူ (၁၀၀၀) ဦးတို့ ပါဝင်သည်ဟု ဆိုသည်။

တော်လှန်ရေးအင်အားစုများဆီ ငွေကြေးစီးဆင်းမှုများကို စစ်အုပ်စုက ဖြတ်တောက်ရန် နည်းလမ်းမျိုးစုံဖြင့် စစ်အုပ်စုက ကြိုးပမ်းနေပြီး ပြည်သူများအနေဖြင့်လည်း အထူးသတိပြုကြရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က တိုက်တွန်းပြောထားသည်။

“အကြမ်းဖက်စစ်အုပ်စုက တော်လှန်ရေးအင်အားစုတွေဘက်ကို စီးဆင်းမယ့်ငွေကြေးနဲ့ပတ်သက်ပြီးတော့ နည်းလမ်းပေါင်းစုံနဲ့ ဖြတ်တောက်ဖို့ ကြိုးစားမှာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့လည်း အတော်လေး သတိထားကြဖို့ လိုတယ်။ တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း ငွေကြေးစီးဆင်းမှုကို ပြည်သူတွေ လုံခြုံနိုင်တဲ့ အခြေအနေမျိုးကို အကောင်းဆုံးဖန်တီးကြဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်”ဟု ဦးနေဘုန်းလတ်က Red News Agency ကို ပြောသည်။

စစ်အုပ်စုထုတ်ပြန်ချက်၌ ဖော်ပြထားသော ဝက်ဘ်ဆိုဒ်လိပ်စာသည် အမျိုးသားညီညွတ်ရေးအစိုးရ (NU) ကာကွယ်ရေးဝန်ကြီးဌာန (MOD) ၏ Domain လိပ်စာအမည်ကို ခပ်ဆင်ဆင်ပုံစံ ဖန်တီးကာ ဖော်ပြထားခြင်းဖြစ်ပြီး ယင်းဝက်ဘ်ဆိုဒ်လိပ်စာသည် NUG MOD နှင့် PRF တို့၏ ဝက်ဆိုဒ်လိပ်စာ အစစ်အမှန် မဟုတ်ကြောင်း ဦးနေဘုန်းလတ်က ၎င်း၏ လူမှုကွန်ရက်မှတဆင့် ရှင်းလင်းဖော်ပြထားသည်။

“အဲဒီ့ထဲမှာ ပေးထားတဲ့ Form လင့်ခ် က {modnug . org} ဆိုတဲ့ ဒိုမိန်းကို ဝယ်၊ MOD ရဲ့ website အဖြစ် ပုံမှားရိုက်ပြီး ဖန်တီးထားတာဖြစ်ပါတယ်။ သူတို့တင်ထားတဲ့ Form လင့်ခ်ကို PRF ရဲ့ စာမျက်နှာတွေမှာရော၊ MOD ရဲ့ စာမျက်နှာတွေမှာရော ရေးထားတာ မတွေ့ရသလို PRF Member ဝင်သူတွေအနေနဲ့ Form တစ်ခုခုကို ဖြည့်ရတာမျိုး မရှိပါဘူး” ဟု ဦးနေဘုန်းလတ်က ဆိုသည်။

စစ်အုပ်စု ထုတ်ပြန်ချက်၌ ဖမ်းဆီးခံထားရသူဟုဆိုသူ (၂၁) ဦးသည် စစ်အုပ်စု၏ အတုအယောင် ဝက်ဘ်ဆိုဒ် (Phishing website) ကို သေချာမသိရှိဘဲ အချက်အလက်ဖြည့်သွင်းမိခဲ့ခြင်းကြောင့် ဖြစ်နိုင်ပြီး ၎င်းတို့ကို PRF ထောက်ပို့ဟုဆိုကာ ဖမ်းဆီးထားခြင်းဖြစ်နိုင်ကြောင်း၊ သို့မဟုတ် တခြားဖြစ်စဉ်တစ်ခုခုကြောင့် ဖမ်းဆီးခံထးရသူများကို PRF အဖွဲ့ဝင်များဟု ဝါဒဖြန့်ဖော်ပြမှုဖြစ်နိုင်ကြောင်း ဦးနေဘုန်းလတ်က သုံးသပ်ဖော်ပြထားသည်။

NUG MOD ၏ ဝက်ဘ်ဆိုဒ်လိပ်စာနာမည်နှင့် ခပ်ဆင်ဆင်နာမည်ကိုယူကာ Form ပုံစံဖြင့် လုပ်ဆောင်ခြင်းသည် Phishing (အတုအယောင်ဖန်တီးမှု) တစ်ခုသာဖြစ်ကြောင်းနှင့် ယခု ဖမ်းဆီးခံရသူအချို့သည် နွေဦးတော်လှန်ရေး အစောပိုင်းကာလက Kpay ၊ WavePay တို့ဖြင့် တော်လှန်ရေးအဖွဲ့များအား ထောက်ပံ့ခဲ့မှုကြောင့် ဖမ်းဆီးခံခဲ့ရသူများကို ဖော်ပြထားသည့် ပုံစံမျိုးသာဖြစ်နိုင်ကြောင်း နည်းပညာကျွမ်းကျင်သူအချို့က သုံးသပ်ထားသည်။

By RNA Editor