စစ်အုပ်စုက ထိုင်းပို့ကုန်ပိတ်ပင်မှုကြောင့် တာချီလိတ်မှာ ကြက်ဥ(၁)လုံး (၂၀၀၀)ကျပ်နီးပါးထိ ဈေးတက်

RNA_စက်တင်ဘာ(၂၁)၊၂၀၂၆ခုနှစ်။

ထိုင်းနိုင်ငံ မယ်ဆိုင်မှ တင်သွင်းသည့် ပို့ကုန်များကို စစ်အုပ်စုက ပိတ်ပင်လိုက်မှုကြောင့် တာချီလိတ်မြို့၌ အခြေခံစားသောက်ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်နေပြီး ကြက်ဥ (၁) လုံး (၂၀၀၀) ကျပ်ဝန်းကျင်အထိရှိလာကြောင်း သိရသည်။

မယ်ဆိုင်-တာချီလိတ်နယ်စပ်ဂိတ်မှတဆင့် တင်ပို့သည့် အေးခဲစားသောက်ကုန်များအပါအဝင် အခြေခံစားသောက်ကုန်များကို စစ်အုပ်စုက ယနေ့ (စက်တင်ဘာ ၂၁ ရက်) နံနက်ပိုင်းတွင်း ယာယီတားမြစ်ခဲ့ကြောင်း ထိုင်းသတင်းဌာနများလည်း ဖော်ပြထားသည်။

မယ်ဆိုင်မှ တင်သွင်းကုန်များ ယာယီပိတ်ပင်ထားမှုအပေါ် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများ မပြည့်မီခြင်းနှင့် မြန်မာနိုင်ငံသို့ ပေးဆောင်ရမည့် ကုန်သွယ်ခွန်များကို စနစ်တကျ ပေးဆောင်ထားခြင်း မရှိခြင်းကြောင့် ပို့ကုန်တင်သွင်းမှုကို ယာယီရပ်ဆိုင်းထားကြောင်း စစ်အုပ်စုက အကြောင်းပြပြောဆိုထားသည်။

ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး၌ အရေးပါသည့် မယ်ဆိုင်-တာချီလိတ်နယ်စပ်ဂိတ်ကို ရုတ်တရက် ပိတ်ပင်မှုကြောင့် အခြေခံစားသောက်ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်လာပြီး ထိုင်းမှ တင်သွင်းသည့် ကြက်ဥ (၁) လုံး ဈေးနှုန်းသည် ထိုင်းဘတ်ငွေ (၁၅) ဘတ် (မြန်မာငွေ ၂၀၀၀ ကျပ်နီးပါး) အထိ မြင့်တက်သွားကြောင်း သိရသည်။

ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ စစ်အုပ်စု၏ တစ်ဖက်သတ်ပိတ်ဆို့မှုများကြောင့် မယ်ဆိုင်-တာချီလိတ်နယ်စပ်ဂိတ်က ကုန်တင်ယာဉ်အများအပြား စီတန်းရပ်နားထားရကြောင်း သိရပြီး မယ်ဆိုင်မှ တင်သွင်းသည့် အခြေခံစားသောက်ကုန်များထဲတွင် ဟင်းသီးဟင်းရွက်များ၊ သစ်သီးများ၊ အေးခဲအသားများနှင့် အခြားစားသောက်ကုန်များလည်း ပါဝင်ကြောင်း သိရသည်။

By RNA Editor