NA_စက်တင်ဘာ(၂၂)၊၂၀၂၆ခုနှစ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်အတွင်း စစ်ရေးပဋိပက္ခများကြောင့် သေဆုံးသူ (၁၃၄၄)ဦးအထိရှိလာပြီး စစ်အုပ်စုလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူအများဆုံးရှိခဲ့ကြောင်း ချင်းရေးရာအဖွဲ့တစ်ခုဖြစ်သည့် Institute of Chin Affairs (ICA) က အစီရင်ခံစာ ထုတ်ပြန်ထားသည်။
ICA မှ စက်တင်ဘာ (၁၆) ရက်တွင် ထုတ်ပြန်ထားသည့် အစီရင်ခံစာအရ ၂၀၂၁ ဖေဖော်ဝါရီ (၁) ရက်မှ ၂၀၂၆ ခုနှစ် ဩဂုတ်လ (၃၁) ရက်အထိ စစ်ရေးပဋိပက္ခများအတွင်း သေဆုံးသူ အရပ်သားပြည်သူ (၆၄၄) ဦးနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင် (၇၀၀) ဦးအထိရှိခဲ့ကြောင်း သိရသည်။
စစ်ရေးပဋိပက္ခများအတွင်း သေဆုံးခဲ့သည့် အရပ်သားပြည်သူ (၆၄၄) ဦးထဲတွင် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူ (၃၀၆) အထိရှိခဲ့ပြီး မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူ (၅၈) ဦး၊ ဖမ်းဆီးခံရပြီးနောက် အဓမ္မပြုကျင့်သတ်ဖြတ်ခံရသူ (၄၀) ဦး၊ အကြောင်းမဲ့သတ်ဖြတ်ခံရသူ (၁၇၈) ဦး၊ ဆေးဝါးပြတ်လပ်မှုကြောင့် သေဆုံးသူ (၁၇) ဦးနှင့် အခြားအကြောင်းအရာများကြောင့် သေဆုံး (၄၅) ဦးအထိ ရှိခဲ့ကြောင်း ICA က ဖော်ပြထားသည်။
ချင်းပြည်နယ်အတွင်း သေဆုံးသူ (၁၃၄၄) ဦးထဲတွင် အမျိုးသား (၁၁၆၀) ဦးနှင့် အမျိုးသမီး (၁၈၄) ဦးတို့ပါဝင်ခဲ့ပြီး အဓမ္မပြုကျင့်သတ်ဖြတ်ခံရသည့် အမျိုးသမီးသည် (၄၀) ဦးအထိရှိခဲ့ခြင်းကြောင့် အမျိုးသမီးများ လူ့အခွင့်အရေးချိုးဖောက်ခံရမှု ဆိုးဆိုးရွားရွား ကြုံတွေ့နေရကြောင်း သိရသည်။
ချင်းပြည်နယ် တိုက်ပွဲများအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ သေဆုံးမှုသည် အရပ်သားပြည်သူ သေဆုံးမှုများထက် ပိုမိုများပြားနေပြီး တိုက်ပွဲများအတွင်း သေဆုံးသူ (၄၅၈) ဦး၊ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူ (၁၇၆) ဦး၊ မြေမြှုပ်မိုင်းကြောင့် (၂၉) ဦး၊ ဆေးဝါးမရရှိမှုကြောင့် သေဆုံးသူ (၁၂) ဦး၊ မီးရှို့သတ်ဖြတ်ခံရသူ (၁၁) ဦးနှင့် တိုက်ပွဲများအတွင်း အလောင်းပြန်လည်မရရှိသည့် အခြေအနေတွင် သေဆုံးခဲ့သူ (၁၄) ဦးတို့ရှိကြောင်း ICA က ဆိုသည်။
စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ချင်းပြည်နယ်အတွင်း ထိခိုက်ဒဏ်ရာရသူ (၁၂၂၆) ဦးအထိရှိခဲ့ပြီး ဒေသခံနေအိမ်အဆောက်အအုံပျက်စီးမှု (၂၃၂၁) လုံး၊ အစိုးရအဆောက်အအုံနှင့် ဘာသာရေးအဆောက်အအုံ ပျက်စီးမှု (၂၈၅) လုံးအထိရှိခဲ့ကြောင်း သိရသည်။