ချင်းတောင်ပိုင်း၌ အထိနာနေသည့် စစ်အုပ်စု ဆောမြို့နယ်၌ အင်အားရာနှင့်ချီ ဖြည့်တင်းနေ

RNA_စက်တင်ဘာ(၁၉)၊၂၀၂၆ခုနှစ်။

ချင်းပြည်နယ်နှင့် မကွေးတိုင်းအစပ် ဆောမြို့နယ်သို့ ဦးတည်ကာ မကွေးမြို့မှထွက်လာသည့် စစ်အုပ်စုက စစ်ကား (၂၀၀) နီးပါးဖြင့် စစ်ကူအင်အားဖြည့်တင်းရန် လုပ်ဆောင်နေကြောင်း မကွေး ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ယနေ့ (စက်တင်ဘာ ၁၉ ရက်) ထုတ်ပြန်ထားသည်။

ချင်းပြည်နယ်တောင်ပိုင်းနှင့် မကွေးတိုင်းအစပ်၌ တိုက်ပွဲများပြင်းထန်နေချိန် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ခုခံတိုက်ခိုက်မှုကြောင့် စစ်အုပ်စုဘက် မြေပြင်စစ်ကြောင်းများ အထိနာမှုများလည်း ရှိနေခြင်းဖြစ်ပြီး စစ်ကူအင်အားဖြည့်တင်းမှုမျာကို အကြိမ်ကြိမ် လုပ်ဆောင်နေရခြင်း ဖြစ်သည်။

ယင်းစစ်ကူအင်အားများသည် ရှမ်းပြည်နယ်အခြေစိုက်တပ်များနှင့် မန္တလေးတိုင်း မတ္တရာမြို့နယ် အခြေစိုက်တပ်များဖြင့် စုဖွဲ့ထားခြင်းဖြစ်ပြီး အမှတ် (၈၈) ခြေမြန်တပ်မဌာနချုပ် (တပ်မ ၈၈) မှ ဦးဆောင်ကာ မကွေးမြို့မှ ဆောမြို့နယ်ဘက်သို့ စစ်ကား (၁၈၂) စီးဖြင့် စစ်ကူအင်အားဖြည့်တင်းရန် ထွက်ခွာလာကြောင်း သိရသည်။

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်တို့ကို ချင်းကာကွယ်ရေးအဖွဲ့များက ထိန်းချုပ်ထားပြီး စစ်အုပ်စုက မကွေးတိုင်း ဆော၊ ကျောက်ထုနှင့် လောင်းရှည်မြို့တို့မှတဆင့် စစ်ကြောင်းထိုးမှုများ၊ စစ်အင်အားဖြည့်တင်းမှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။

ထို့ပြင် စစ်ကူအင်အားဖြည့်တင်းမှုများကို ပေါက်မြို့နယ် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံများ၌ အထိုင်ချ စုဖွဲ့ပြီး ဆောမြို့နယ်အတွင်းသို့ ပေါက်-ကျောက်ထုလမ်းကြောင်းမှတဆင့် ဝင်ရောက်မှုများလည်း ရှိနေသည်။

မင်းတပ်နှင့် ကန်ပက်လက်မြို့ကို စစ်အုပ်စု မြေပြင်စစ်ကြောင်းထိုးမှုအတွင်း ချင်းကာကွယ်ရေးတပ်ဖွဲ့များနှင့် ဂန့်ဂေါခရိုင် ကာကွယ်ရေးတပ်ဖွဲ့များ၏ ပူးပေါင်းတိုက်ခိုက်မှုများကြောင့် စစ်အုပ်စု ရာနှင့်ချီ သေဆုံးကာ လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရရှိနေကြောင်း ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်၏ ထုတ်ပြန်ချက်များအရ သိရသည်။

ထို့ပြင် မင်းတပ်၊ ကန်ပက်လက်တို့နှင့်ကပ်လျက်ရှိသည့် ဆောမြို့နယ်အတွင်း စစ်အုပ်စုတပ်ဖွဲ့များသည် လောင်းရှည်-စေတုတ္တရာလမ်းပိုင်းတွင် စစ်ကြောင်းထိုးမှုများနှင့် ကင်းပုန်းများချထားပြီး တောင်ဘို့ကြီး၌လည်း အထိုင်ချတပ်စွဲထားကြောင်း မကွေး (ပကဖ) က ထုတ်ပြန်ထားသည်။

By RNA Editor