မြေပြင်စစ်ကြောင်းအထိနာနေသည့် စစ်အုပ်စုက ကန်ပက်လက်ကို လေကြောင်းဗုံးကြဲတိုက်ခိုက်၊

RNA_စက်တင်ဘာ(၁၉)၊၂၀၂၆ခုနှစ်။

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့ရှိ ကျေးရွာတစ်ခုကို စစ်အုပ်စုက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ဒေသခံနေအိမ်ချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာန က ထုတ်ပြန်ထားသည်။

ယနေ့ (စက်တင်ဘာ ၁၉ ရက်) နံနက်ပိုင်း ၇ နာရီဝန်းကျင်က ကန်ပက်လက်မြို့နယ် ကျေးရွာတစ်ခုကို စစ်အုပ်စုက ဂျက်ဖိုက်တာ (၂) စီးဖြင့် ဗုံး (၆) လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒေသခံနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ခြင်း ဖြစ်သည်။

စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ထိခိုက်ဒဏ်ရာရမှုရှိ မရှိအခြေအနေနဲ့ပတ်သက်ပြီး ချင်းညီနောင် (CB) ပြောရေးဆိုခွင့်ရှိသူ ကိုယောမန်ကို ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်သည်။

ယခု စက်တင်ဘာ (၁၆) ရက်ကလည်း ကန်ပက်လက်မြို့နယ်အတွင်းကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ခြင်းကြောင့် ဒေသခံနေအိမ်အချို့ ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။

မြေပြင်စစ်ကြောင်းများ၌ အထိနာနေသည့် စစ်အုပ်စုက မင်းတပ်မြို့ကိုလည်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ အပြင်းအထန်လုပ်ဆောင်နေခြင်းကြောင့် ဒေသခံနေအိမ်အချို့ ထိခိုက်ပျက်စီးကာ အရပ်သားပြည်သူအချို့ ထိခိုက်သေဆုံးမှုများ ရှိနေကြောင်း သိရသည်။

By RNA Editor