တကယ်ရော တန်ရဲ့လား..?

“NUG က ပြည်သူတွေရဲ့ထောက်ပံ့ကူညီတဲ့ ဘဏ္ဍာငွေတွေနဲ့ နိုင်ငံတကာမှာ တရားဝင်ဖြစ်ဖို့၊ အကူအညီတွေရဖို့ကြိုးစားနေပေမယ့် ထိထိရောက်ရောက် အကျိုးမြတ်ရှိရဲ့လား ဆိုတာစဉ်းစားစရာပါ။ အထူးစဉ်းစားရမှာကတော့ တည်တည်ငြိမ်ငြိမ်ထိန်းချုပ်ထားနိုင်တဲ့ နယ်မြေ မရှိသေးပဲ နိုင်ငံတကာအသိအမှတ်ပြုဖို့အရေးကို ကြိုးစားနေတာက လက်တွေ့ဆန်မှုရှိရဲ့လား”

ရန်နိုင်

NUG က အနောက်နိုင်ငံက PR (Public Relations) ကုမ္ပဏီတွေနဲ့ အကြံပေးတွေကို ငွေကြေးအမြောက်များပေးပြီး အသုံးပြုနေတယ်လို့ Asia Times ရဲ့ ဆောင်းပါးရှင် David Scott Mathieson က FARA မှတ်တမ်းတွေကို အကိုးအကားပြုပြီး “A history of high-paid Western grifters in Myanmar” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားဝေဖန်ထားတဲ့‌ ဆောင်းပါးရှိပါတယ်။

FARA ဆိုတာက နိုင်ငံခြားတိုင်းပြည်ရဲ့ အစိုးရ၊ နိုင်ငံရေးအဖွဲ့အစည်းတွေအတွက် အလုပ်လုပ်ပေးနေတဲ့ အမေရိကန်ကုမ္ပဏီတွေအနေနဲ့ အဖြစ်မနေ မှတ်ပုံတင်ပေးရတဲ့ အမေရိကန်ရဲ့ဌာနတစ်ခုပါ။ NUG အတွက် အလုပ်လုပ်ပေးနေတဲ့ ဝါရှင်တန်ဒီစီအခြေစိုက် Bivings Group ဖြစ်စေ တခြားလော်ဘီအဖွဲ့တွေဖြစ်စေ FARA ဌာနမှာမှတ်တမ်းတွေ ပေးထားရပါတယ်။

မှတ်တမ်းတွေအရ NUG က အမေရိကန်ဒေါ်လာ ထောင်ပေါင်းများစွာ (တစ်ခါတရံ တစ်လကို ဒေါ်လာသောင်းချီ) ကို အဲ့ဒီ PR လုပ်ငန်းတွေအတွက် သုံးစွဲနေတယ်လို့ ဖော်ပြထားပါတယ်။ဆောင်းပါးရှင်ကတော့ NUG ကို PR လုပ်ပေးနေတဲ့ လော်ဘီအဖွဲ့တွေကို “Grifters” (လူလိမ်လူညာတွေ) လို့ဝေဖန်ထားပါတယ်။ ဒီအဖွဲ့တွေက မြန်မာ့အရေးကို ကောင်းကောင်းနားမလည်ဘဲ အပေါ်ယံ အကြံပေးချက်တွေနဲ့ NUG ဆီကနေ လစာငွေ အမြောက်အမြား ရယူနေကြတယ်လို့ ဆိုထားပါတယ်။

ဒီအဖွဲ့တွေက အနောက်နိုင်ငံက လွှတ်တော်တွေနဲ့ အစိုးရကြားမှာ NUG ရဲ့ ပုံရိပ်ကို တောက်ပအောင် (Polishing) လုပ်ပေးဖို့ တာဝန်ယူထားသူတွေသာဖြစ်ပြီး မြေပြင်ကခက်ခဲနေတဲ့ တော်လှန်ရေးအခြေနေမှန် ထက် “အောင်မြင်နေပါတယ်” ဆိုတဲ့ Narrative မျိုးကိုပဲ ဖန်တီးနေတယ်လို့ ထောက်ပြထားပါတယ်။

ဆောင်းပါးရှင် Mathieson က ထောက်ပြဝေဖန်ထားပေမယ့် NUG ရဲ့ဝန်ကြီးအချို့ကတော့ နိုင်ငံတကာ သံတမန်ရေးရာကိစ္စရပ်တွေမှာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ လိုအပ်တယ်လို့ အမြဲအကြောင်းပြလေ့ ရှိပါတယ်။ နိုင်ငံတကာခရီးစဉ် အများဆုံးသွားရလေ့ရှိတဲ့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းကတော့ ‘သံတမန်ရေးရာ စာမျက်နှာ (Diplomatic Front)’ မှာ အားစိုက်ဖို့လိုတယ်လို့ အမြဲပြောလေ့ရှိပါတယ်။

ဦးထင်လင်းအောင် (ဆက်သွယ်ရေး၊ သတင်းအချက်လက်နဲ့ နည်းပညာဝန်ကြီး) ကတော့ ဝါရှင်တန်ဒီစီမှာ PR လုပ်ငန်းတွေလုပ်ဖို့ ကျွမ်းကျင်အဖွဲ့အစည်းတွေရဲ့ အကူညီတွေရယူတာက ‘လုပ်ထုံးလုပ်နည်းအရ လိုအပ်ချက်’ ဖြစ်တယ်လို့ ပြောဆိုလေ့ရှိပါတယ်။ PR နဲ့ လော်ဘီလုပ်ငန်းတွေကြောင့် Burma Act လိုမျိုး ဥပဒေတွေ ပေါ်လာပြီး Starlink လို နည်းပညာတွေ ရဖို့လမ်းပွင့်လာတာလို့ ပြောလေ့ရှိပါတယ်။

ဒေါက်တာဆာဆာ ကလည်း ‘စစ်ကောင်စီ ကမ္ဘာ့အလယ်မှာ အထီးကျန်ဖြစ်နေစေဖို့ ကျွန်တော်တို့ဘက်က ပရော်ဖက်ရှင်နယ်ကြကြ ချဉ်းကပ်ရမယ်’ လို့ဆိုထားပါတယ်။ PR လုပ်ငန်းတွေအတွက် သုံးစွဲရတဲ့ ကုန်ကျစရိတ်က နောက်ပိုင်းမှာရရှိလာမယ့် နိုင်ငံတကာအကူညီတွေနဲ့ယှဉ်ရင် အလွန်သေးငယ်တဲ့ ပမာဏ ဖြစ်တယ်လို့ ကာကွယ်ပြောဆိုလေ့ရှိပါတယ်။

ဆောင်းပါးရှင် Mathieson ကတော့ NUG ဟာ ပြည်သူတွေဆီကရလာတဲ့ အလှူငွေတွေနဲ့ တော်လှန်ရေး ရန်ပုံငွေတွေကို မြေပြင်ကလက်နက်ခဲယမ်းလိုအပ်နေတဲ့ PDF တွေဆီကို ပေးမယ့်အစား နိုင်ငံတကာက အသိအမှတ်ပြုခံရဖို့ PR လုပ်ငန်းတွေမှာ မျှဝေသုံးစွဲနေတယ်လို့ ဝေဖန်ထားပါတယ်။ ဆောင်းပါးရှင်ရဲ့ရေးသားချက်တွေအပေါ်မှာ NUG ထောက်ခံသူနဲ့ တာဝန်ရှိသူတွေဘက်ကတော့ အချက်လက်တချို့နဲ့ ရှင်းလင်းလေ့ရှိပါတယ်။ နိုင်ငံတကာအသိုက်အဝန်းမှာ စစ်ကောင်စီရဲ့ ဝါဒဖြန့်မှုကို ယှဉ်ပြိုင်နိုင်ဖို့နဲ့ တရားဝင်မှု (Legitimacy) ရဖို့ကျွမ်းကျင်တဲ့ လော်ဘီလုပ်ငန်းတွေ လိုအပ်တာက သဘာဝကျတယ်လို့ ဆိုကြပါတယ်။ FARA ရဲ့ မှတ်တမ်းတွေက အဖွဲ့အစည်းကြီးတစ်ခုအတွက် ပုံမှန် ကုန်ကျစရိတ်သာဖြစ်တယ်လို့ ယူဆထားသူတွေလည်း ရှိကြပါတယ်။

PR ရဲ့ သက်ရောက်မှုက ၂၀၂၂ နောက်ပိုင်း အမေရိကန်ရဲ့ NDAA (National Defense Authorization Act) ထဲမှာ Burma Act ကိုထည့်သွင်းနိုင်ခဲ့တယ်လို့လည်း ထောက်ပြထားပါတယ်။ Burma Act နဲ့ NUG PDF အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တွေကို (Non-lethal aid) လက်နက်မဟုတ်တဲ့ ဆက်သွယ်ရေးစက်၊ ဆေးဝါး၊ နည်းပညာ တွေကို အမေရိကန်အစိုးရက တရားဝင်ပေးခွင့်ရသွားတယ်လို့လဲ သက်သေပြထားကြပါတယ်။

ဒါတင်မကပဲ NUG ကို သာမန်တက်ကြွလှုပ်ရှားတဲ့အစုအဖွဲ့ ဆိုတာထက်ပိုတဲ့ ‘အစိုးရတစ်ရပ်’ ဆိုတဲ့ နိုင်ငံတကာအစိုးရအဆင့် ပုံစံမျိုးဖြစ်နေအောင် ပုံဖော်ပေးထားနိုင်တယ်လို့လဲ ဆိုကြပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ထိပ်တန်းအရာရှိတွေနဲ့ NUG တာဝန်ရှိသူတွေကို တရားဝင်တွေ့ဆုံနိုင်ဖို့ လမ်းခင်းပေးနိုင်ခဲ့ကြတယ်။ အာဆီယံနိုင်ငံအချို့နဲ့ သံတမန်ရေးအရ ဆက်သွယ်နိုင်သလို၊ ဝါရှင်တန်ဒီစီမှာ NUG ရဲ့ကိုယ်စားလှယ်ရုံး တရားဝင်ဖွင့်လှစ်နိုင်တယ်လို့လည်း ထောက်ပြထားကြပါတယ်။

ဒီနေရာမှာ စာဖတ်သူတွေအနေနဲ့သိသင့်တဲ့ အကြောင်းအရာတခုကိုလည်း ဖော်ပြချင်ပါသေးတယ်။ “ဝါရှင်တန်ဒီစီမှာ NUG ရဲ့ ကိုယ်စားလှယ်ရုံး တရားဝင်ဖွင့်လှစ်” ထားနိုင်တယ်ဆိုတဲ့အကြောင်းပါ။ NUG ရုံးခန်းဆိုတာ မြန်မာအစိုးရတရပ်အနေနဲ့ အမေရိကန်အစိုးရအဆင့် အသိမှတ်ပြုထားတာမဟုတ်ပဲ သာမန်ဆိုင်းဘုတ်တပ်ထားတဲ့ အသင်းအဖွဲ့လေးအနေနဲ့ ဖွင့်ခွင့်ရခဲ့ရုံသာဖြစ်ပါတယ်။ အမေရိကန်အစိုးရက အစိုးရအဆင့်အသိမှတ်ပြု ထားတာမဟုတ်တဲ့အကြောင်းကို ရှင်းရှင်းလင်းလင်း သိစေချင်ပါတယ်။

“ဥပမာအနေနဲ့ ပြောတာပေါ့လေ ABCD အဖွဲ့၊ ABCD ကုမ္ပဏီပေါ့ ကျွန်တော်ထောင်ထားတယ်။ ဆိုတော့ အဲ့ဒီ ABCD ကုမ္ပဏီရဲ့အောက်မှာ ကျွန်တော်ကြိုက်တဲ့ဆိုင်းဘုတ်တင်လို့ရတယ်။ NUG အစိုးရ နိုင်ငံခြားရေး ဝန်ကြီးပဲဖြစ်ဖြစ်၊ အမေရိကန်နိုင်ငံတကာဆက်ဆံရေးဝန်ကြီးဌာန ပဲဖြစ်ဖြစ်၊ ကြိုက်တဲ့နာမည်တပ်လို့ရတယ်။ အမေရိကန်အစိုးရလည်း လာမဖမ်းဘူး။ ဘယ်သူကမှလည်း လာမဖမ်းဘူး။ လွတ်လပ်စွာ ထုတ်ဖော်ပိုင်ခွင့် ရှိတယ်။ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်ရှိတယ်။ လွတ်လပ်စွာစည်းရုံးပိုင်ခွင့်ရှိတယ်။ ဒီအခွင့်ရေးအပေါ်မှာ အသုံးချတာ” လို့ ဝါဒရှင်တန်ဒီစီမှာဖွင့်ထားတဲ့ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရုံးခန်း အခြေနေကို ‘စတီဗင်စန်းယု’ က THN Freelance Journalist နဲ့ အင်တာဗြူးမှာ ဖြေထားပါတယ်။

NUG ငှားရမ်းထားတဲ့ PR အဖွဲ့တွေရဲ့စွမ်းဆောင်ရည်လို့ပဲ ပြောလို့ရနိုင်မလား မသိပေမယ့် မြန်မာနိုင်ငံသားတွေကြား အထင်ကြီးစေမယ့် ဝါရှင်တန်ဒီစီက NUG ရဲ့ရုံးခန်းဆိုတာ သာမာန်အသင်းအဖွဲ့ရုံးခန်းလေး တစ်ခုသာဖြစ်နေပါတယ်။ ဘာသာရေးအသင်းအဖွဲ့လိုလို၊ လူမှုရေးအသင်းအဖွဲ့လိုလို လိုင်စင်လျှောက်ပြီး ဖွင့်ထားရတဲ့ ရုံးခန်းလေးဆိုတာကို ရှင်းရှင်းလင်းလင်းသိစေချင်တာပါ။ NUG ငှားရမ်းထားတဲ့ PR အဖွဲ့တွေရဲ့ နောက်ထပ်စွမ်းဆောင်ရည်လို့ သတ်မှတ်လို့ရနိုင်တဲ့ Burma Act ရဲ့ လက်တွေ့အခြေနေကိုလည်း သိထားဖို့လိုနေပြန်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ပါရီလဆန်းပိုင်းက အတည်ပြုခဲ့တဲ့ ဒေါ်လာသန်း ၁၂၁ သန်းပေးမယ့် အကူညီတွေမှာဆိုရင်လည်း လက်နက်မဟုတ်တဲ့အကူညီက အဓိကအချက် ဖြစ်နေတယ်။

ဘက်ဂျက်အများဆုံးဖြစ်တဲ့ ဒေါ်လာ ၇၅သန်း သုံးထားတာက ထိုင်းနဲ့အိန္ဒိယနိုင်ငံနိုင်ငံတွေကတဆင့် နယ်စပ်ဖြတ်ကျော် ကူညီထောက်ပံ့ရေး အစီစဉ်တွေဖြစ်နေတယ်။ အမေရိကန်အောက်လွှတ်တော်မှာက စစ်ကောင်စီကနေတဆင့် မပေးဘူးလို့ တိတိကျကျကန့်သတ်ထားပေမယ့် ဘယ်အဖွဲ့အစည်းတွေကတဆင့် မြေပြင်ကို ရောက်မယ်ဆိုတာ ရှင်းရှင်းလင်းလင်းဖော်ပြမထားဘူး။ ထုံးစံအတိုင်း NGO တွေကနေ တဆင့်ပဲ မြေပြင်ဆီကိုအနည်းငယ်ရောက်သွားမယ့် သဘောရှိနေပါတယ်။

ဒီလိုအခြေနေတွေအပေါ်မှာ ဆောင်းပါးရှင် Mathieson ကတော့ အမေရိကန်အစိုးရဆီက ငွေကြေးတွေက PR ကုမ္ပဏီတွေနဲ့ NGO တွေကြားမှာ လည်နေပြီးမြေပြင်ကို တကယ်ရောက်တဲ့ပမာဏာဟာ နည်းပါးနေတယ်လို့ ဝေဖန်ထားပါတယ်။ အမေရိကန်ရဲ့အကူညီတွေက မြန်မာနိုင်ငံထဲကို မရောက်ခင်မှာတင် ဝါရှင်တန်ဒီစီနဲ့ နိုင်ငံတကာ NGO(INGOs) တွေရဲ့ရုံးခန်းထဲမှာတင် ကျန်နေခဲ့နိုင်တယ်လို့ ထောက်ပြထားပါတယ်။

ပုံမှန်အားဖြင့် အမေရိကန်ရဲ့ USAID လို အဖွဲ့တွေဆီက ရန်ပုံငွေလက်ခံရယူတဲ့ အနောက်နိုင်ငံက NGO ကြီးတွေက ၎င်းတို့ရဲ့ ရုံးခန်းငှားခ၊ ဝန်ထမ်းလစာနဲ့ ခရီးစရိတ်တွေအတွက် ၂၅ ရာနှုန်းကနေ၊ ၄၀ ရာနှုန်းအထိ ဖြတ်တောက်လေ့ရှိတယ်လို့ ထောက်ပြထားပြန်တယ်။ ဒါတင်မက NUG ကို ကူညီပေးနေတဲ့ PR ကုမ္ပဏီတွေကလည်း တစ်လကိုဒေါ်လာ သောင်းချီ/သိန်းချီ တောင်းနေတာကြောင့် Burma Act ရဲ့ ထောက်ပံ့ငွေက တကယ်လိုအပ်နေတဲ့ ဒေသခံအဖွဲ့အစည်း (Local CSOs/CBOs) တွေဆီ ရောက်တဲ့အခါမှာတော့ “အစအန”လောက်ပဲ ကျန်တော့တယ်လို့ ရေးသားထားပါတယ်။

၂၀၂၆ ရဲ့ Burma Act မှာ ဒေါ်လာ ၂၅ သန်းသုံးမယ်လို့ ဖော်ပြထားတာက ဆက်သွယ်ရေးစက်၊ နည်းပညာနဲ့ လေ့ကျင့်ရေးသင်တန်းအပါအဝင် လက်နက်မဟုတ်တဲ့အကူညီဆိုတာလည်း ပါဝင်နေပါတယ်။ ဆက်သွယ်ရေးစက် ကူညီဖို့ဆိုတဲ့အခြေနေက လက်ရှိမြေပြင်မှာ Starlink စက်တလုံးရဖို့ ပြည်သူ့တွေဆီက အလှူငွေကောက်ပြီးမှ ဝယ်သုံးနေရတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအတွက် စိတ်ကူးပင်ယဉ်ဖို့ မတတ်နိုင်တဲ့ အခြေနေပါ။ အရေးကြီးတဲ့အစိုးရအဖွဲ့အစည်းတွေ၊ တပ်ရင်းကြီးတွေအတွက် ဆက်သွယ်ရေးစက်ရဖို့ ဆိုတာလည်း NGO/INGO တွေကို အဆင့်ဆင့် ဖြတ်ကျော်ရအုံးမယ့် အခြေနေရှိနေပြန်တယ်။

နောက်ထပ် Burma Act ရဲ့ ဒေါ်လာ ၁၀ သန်းသုံးမယ့်ဘက်ဂျက်မှာလည်း ‘ဒေသန္တရအုပ်ချုပ်ရေးနဲ့ ဖက်ဒရယ်စနစ် ဖော်ဆောင်ရေးအစီအစဉ်များအတွက်’ ဆိုတဲ့ခေါင်းစဉ်နဲ့ပါ။ စစ်ကိုင်း၊ မကွေးနဲ့ တိုင်းရင်းသား နယ်မြေတွေမှာ တရားဥပဒေစိုးမိုးရေး၊ ပညာရေးနဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေပေးနိုင်ဖို့ ရန်ပုံငွေဆိုတာပါပဲ။ ဒါတွေကလည်း မြေပြင်သင်တန်း၊ အွန်လိုင်းသင်တန်းတွေပေးမယ့် အဖွဲ့အစည်းတွေ ကိုဖြတ်ကျော်ရအုံးမှာဆိုတော့ အောက်ခြေကပြည်သူတွေအတွက်တော့ “အစအန”လောက်ပါပဲ။

ဒီလောက်ဆိုရင်တော့ Burma Act ကို အားကိုးလွန်းတဲ့ NUG ရဲ့ PR အတွက်ရင်းနှီးမြှုပ်နှံမှုတန်ဘိုးက အကျိုးအမြတ်ကို ခန့်မှန်းလို့ရနိုင်ပါပြီ။ လစဉ်ပြည်သူတွေရဲ့ ထောက်ပံ့ငွေတွေနဲ့ ငှားရမ်းထားတဲ့ ဝါဒရှင်ဒီစီ အခြေစိုက် PR အဖွဲ့တွေဆီက ရလဒ်တခုပါ။ နောက်ထပ် ‘နိုင်ငံတကာအသိုက်အဝန်းမှာ တရားဝင်မှု’ ဆိုရင်လည်း ၂၀၂၆၊ ဇန်နဝါရီ ၄ရက်နေ့က ကျရောက်ခဲ့တဲ့ မြန်မာ့လွတ်လပ်ရေးနေ့မှာ ထုတ်ပြန်ခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုရဲ့ ထုတ်ပြန်ချက်မှာ NUG ဆိုတဲ့ အသုံးအနှုန်းကို လုံးဝထည့်သုံးမသွားဘူး။ ဒါကိုလည်း “စကားပြောတဲ့ တိတ်ဆိတ်နေခြင်း” လို့ သုံးသပ်သူတွေက ထောက်ပြကြပါတယ်။

ပြောင်းလဲသွားတဲ့ အမေရိကန်ရဲ့ မူဝါဒနဲ့အတူ တရုတ်နိုင်ငံရဲ့ (Redlines) အနီရောင်မျဉ်းတွေကိုကျော်ဖို့ အမေရိကန်အစိုးရအနေနဲ့ ဝန်လေးနေတယ်လို့ ဝါရှင်တန်ဒီစီအခြေစိုက် မူဝါဒရေးရာ သုတေသနအဖွဲ့ ‘စတင်ဆန်စင်တာ’ က ထောက်ပြထားပြန်တယ်။ “စတင်ဆန်စင်တာ” ရဲ့ သုံးသပ်ချက်ထဲမှာ ‘တရုတ်နိုင်ငံသည် NUG ကို အမေရိကန်၏ လက်ဝေခံ (Proxy) အဖြစ် ရှုမြင်နေပြီး အမေရိကန်၏ပါဝင်ပတ်သတ်မှုများလာပါက တရုတ်ကမြန်မာ့အရေးတွင် ပိုမိုပြင်းထန်စွာကြားဝင် ဆောင်ရွက်လာမည်ကို အမေရိကန်ကစိုးရိမ်နေသည်’ လို့ဖော်ပြထားပါတယ်။

NUG ရဲ့ နိုင်ငံတကာ ဆက်ဆံရေးမဟာဗျူဟာ (PR အဖွဲ့တွေကိုပေးထားတဲ့ကုန်ကျစရိတ်) က အလုပ်ဖြစ်မဖြစ် ဆိုတာထက် နိုင်ငံခြားရေးဌာနရဲ့ရပ်တည်ချက်ကို အမေရိကန်အစိုးရကိုယ်တိုင် ရှင်းရှင်းလင်းလင်း လက်မခံသေးဘူးဆိုတာ တွက်ဆလို့ရနိုင်ပါတယ်။ NUG ဝန်ကြီးတွေအနေနဲ့ အမေရိကန်ရဲ့အဆင့်မြင့်အရာရှိတွေနဲ့ တွေ့ဆုံခွင့်ရပေမယ့် တရားဝင်သံတမန် ရေးရာအသိမှတ်ပြုလွှာ (Diplomatic Accreditation) မရရှိသေးဟု စင်္ကာပူအခြေစိုက် ISEAS-Yusof Ishak Institute မှ ပညာရှင်များက ဝေဖန်ဆန်းစစ်ပြထားပါတယ်။

မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂ မှာ ဆက်ပြီးထားနေတာကလည်း NUG ကို အစိုးရအဖြစ် တိုက်ရိုက်အသိမှတ်ပြုထားခြင်း မဟုတ်ပဲ အငြင်းပွားမှုကို ဆိုင်းငံ့ထားတာပဲဖြစ်တယ်လို့ ဆန်းစစ်ပြထားပါသေးတယ်။ အခြားဥရောပ နိုင်ငံတွေအနေနဲ့လည်း CRPH ကိုတော့ ပါလီမန်အချင်းချင်းပူးပေါင်းဆောင်ရွက်ရေးကဏ္ဍမှာ အသိအမှတ်ပြုထားပေမယ့် NUG ကိုတော့ အစိုးရအဖြစ် တရားဝင်အသိအမှတ်ပြုဖို့ ဝန်လေးနေတယ်လို့ ဆန်းစစ်ထားပြန်ပါတယ်။

ဒီလိုအချက်လက်တွေက NUG က ပြည်သူတွေရဲ့ထောက်ပံ့ကူညီတဲ့ ဘဏ္ဍာငွေတွေနဲ့ နိုင်ငံတကာမှာ တရားဝင်ဖြစ်ဖို့၊ အကူအညီတွေရဖို့ကြိုးစားနေပေမယ့် ထိထိရောက်ရောက် အကျိုးမြတ်ရှိရဲ့လား ဆိုတာစဉ်းစားစရာပါ။ အထူးစဉ်းစားရမှာကတော့ တည်တည်ငြိမ်ငြိမ်ထိန်းချုပ်ထားနိုင်တဲ့ နယ်မြေ မရှိသေးပဲ နိုင်ငံတကာအသိအမှတ်ပြုဖို့အရေးကို ကြိုးစားနေတာက လက်တွေ့ဆန်မှုရှိရဲ့လား ဆိုတာကိုပါပဲ။

နိုင်ငံတကာ သံတမန်ရေးရာအတွက် ရင်းနှီးမြှုပ်နှံတာက လိုအပ်တာကမှန်ပါတယ်။ သတင်းအချက်လက် ခေတ်ကြီးမှာ ကိုယ့်နိုင်ငံရဲ့တကယ့်ဖြစ်ရပ်မှန်တွေကို မီဒီယာနည်းနဲ့ဖော်ပြဖို့ကလည်း လိုအပ်တာပါပဲ။ ဒါပေမယ့် ကုန်ကျစရိတ်နဲ့ ရလာဒ် ကာမိရဲ့လား၊ တကယ်ရောတန်လားဆိုတာကိုတော့ တော်လှန်ရေးရဲ့ မှုလအရင်းအမြစ်ဖြစ်တဲ့ ပြည်သူတွေဆီကိုတော့ လိုအပ်သလောက် ပွင့်ပွင့်လင်းလင်းချပြသင့်ပါတယ်။ ပြည်သူတွေအနေနဲ့လည်း သိထားဖို့ထိုက်တန်ပါတယ်။ ဒီလိုအခြေအနေနဲ့ ဒီဖြစ်စဉ်တွေအပေါ်မှာ တကယ်ရော တန်ရဲ့လားလို့ မေးခွန်းထုတ်ချင်ပါတယ်။

#RedNewsAgency #RNA #RedNews

By RNA Editor