ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်များ ပြန်လက်လွှတ်ရ

RNA_ဖေဖော်ဝါရီ(၉)၊၂၀၂၆ခုနှစ်။

တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ထားသော စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်နှင့် လက်အောက်ခံ ရှမ်းနီအမျိုးသားများတပ်မတော် (Shanni Nationalities Army – SNA)တို့က ဖေဖော်ဝါရီ (၈) ရက်နေ့က ပြန်လည်ထိန်းချုပ်သွားပြီဖြစ်ကြောင်း SNA တပ်မဟာ ၆၁၄ က အသိပေးထားသည်။

ဗန်းမောက်မြို့သိမ်းတိုက်ပွဲကို တော်လှန်ရေးအင်အားစုများက ၂၀၂၅ ခုနှစ် စက်တင်ဘာလ (၁၅) ရက်မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ရာ စက်တင်ဘာလ (၂၀) ရက်တွင် အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပြီး၊ တိုက်ပွဲအတွင်း ရဲဘော် (၆) ဦးကျဆုံးခဲ့ရသည်။

မြို့သိမ်းတိုက်ပွဲဆင်နွှဲစဉ်က အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှုဖြင့် အမှတ် (၁) စစ်ဒေသ စစ်ဆင်ရေးမှူးနှင့် ကသာခရိုင် ကွပ်ကဲရေးမှူး ဦးစီး ကသာခရိုင် အမှတ် (၂၊ ၄၊ ၅) တပ်ရင်း၊ ကသာခရိုင် အမှတ် (၁၊ ၃) တပ်ရင်း ထုတ်နုတ်အဖွဲ့၊ ကသာခရိုင် ပကဖ လှုပ်ရှားအဖွဲ့၊ ပကဖ (ဗန်းမောက်မြို့နယ်၊ ထီးချိုင့်မြို့နယ်၊ ကသာမြို့နယ်)၊ အမှတ် (၁) စစ်ဒေသမှ NCO သင်တန်းဆင်း စစ်ကြောင်း (၁၊ ၂)၊ အထူးလှုပ်ရှား တပ်ရင်းများ စသည်တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

၂၀၂၅ ခုနှစ် နှစ်ကုန်အထိ BNI – Myanmar Peace Monitor ၏ အချက်အလက်များအရ ကောလင်း၊ မြဝတီ၊ လားရှိုး၊ ဆီဆိုင်၊ မိုးဗြဲ၊ သပိတ်ကျင်း၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်၊ မိုးကုတ်၊ စဉ့်ကူးမြို့ကိုတို့ အာဏာသိမ်းစစ်တပ်က ပြန်လည်ထိန်းချုပ်သွားခဲ့ပြီး၊ ယခု ဗန်းမောက်မြို့ကို ပြန်လည်ထိန်းချုပ်သွားသည့်အတွက် ၁၃ မြို့ရှိပြီဖြစ်ကြောင်း သိရသည်။

#REDNEWS #RNA #RedNewsAgency

By RNA Editor