PDF ရဲဘော်များ တစ်ရက်တည်း စစ်တပ် စခန်း (၁၄) ခုကို တိုက်ခိုက်ခဲ့

RNA_ဇန်နဝါရီ(၁၀)၊၂၀၂၆ခုနှစ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရဲဘော်များနှင့် ပကဖ ရဲဘော်များ စသဖြင့် မဟာမိတ်များဖြင့် စုပေါင်းပြီး ပဲခူးတိုင်း၊ တောကျွဲအင်းမြို့အပါအဝင် အာဏာသိမ်းစစ်တပ်၏ တပ်စခန်း (၁၄) ခုကို ဇန်နဝါရီလ (၉) ရက်နေ့ တစ်ရက်တည်း တိုက်ခိုက်ခဲ့ကြသည်။

တောကျွဲအင်းမြို့ရှိ အာဏာသိမ်းစစ်တပ်၏ ရဲစခန်းနှင့် အခြားတပ်စွဲထားသော နေရာများအပါအဝင် သာယာကုန်းမြို့၊ မီးရထားလမ်းတံတားတွင် အထိုင်ချတပ်စွဲထား ကင်းစခန်း၊ ညောင်ခြေထောက် နှင့် ကျွဲပွဲကြား စည်ပင်သာကျေးရွာရှိ တပ်စခန်းစသည့် (၁၄) ခုကို တိုက်ခိုက်ရာ အာဏာသိမ်းစစ်တပ်လက်အောက်ခံ (၅၀) ထက်မနည်းသေဆုံးခဲ့ကြောင်း၊ စခန်းများကို တိုက်ခိုက်ချိန် ညောင်လေးပင်မြို့ နှင့် ပိန်းဇလုပ်မြို့ကြားရှိ ရန်ကုန် – မန္တလေးလမ်းဟောင်းတွင်လည်း လုံခြုံရေးဆိုင်ရာ စစ်ဆေး ဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်ဟု ပဲခူးတိုင်း စစ်ဌာနက ယနေ့ ထုတ်ပြန်ထားသည်။

 

တောကျွဲအင်းမြို့(အောင်မြင်မြို့)ကို စိုးမိုးထိန်းချုပ်နိုင်ခဲ့ပြီးနောက် စစ်ကော်မရှင်၏ အုပ်ချုပ်ရေးယန္တရား အဆောက်အဦများ၊ ရွေးကောက်ပွဲကော်မရှင်ရုံး နှင့် နယ်မြေရဲစခန်းတို့ကို မီးရှို့ရှင်းလင်းခဲ့ပြီး မြို့ကိုလည်း ခေတ္တခဏ ထိန်းချုပ်ခဲ့ကြောင်း၊ တောကျွဲအင်းမြို့ နယ်မြေရဲစခန်းတွင် အာဏာသိမ်းစစ်တပ်က မတရားဖမ်းဆီး ချုပ်နှောင်ထားသော ပြည်သူ (၈) ဦးကို ပြည်သူ့ကာကွယ်ရေးတပ်မတော်က စိစစ်၍ လွှတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၉) ရက်နေ့က စစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန စစ်တောင်းမြစ်ဝှမ်း ဒေသ “အောင်မြင်စစ်ဆင်ရေး” အဖြစ် ဖော်ဆောင်ခဲ့ကြောင်း၊ တိုက်ပွဲများအတွင်းမှ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့ကြသည်။

“အောင်မြင်စစ်ဆင်ရေး”ကို ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၃) ကွပ်ကဲမှုအောက်ရှိ အမှတ် (၃၅၀၂) တပ်ရင်း၊ ဗျူဟာ(၂၄) ကွပ်ကဲမှုအောက်ရှိ P27803 အာဠာဝကတပ်ရင်း၊ P23503 ဒေါင်းဖြူတပ်ရင်း၊ P29903 နဂါးနီတပ်ရင်း၊ ဗျူဟာ(၂၅) ကွပ်ကဲမှုအောက်ရှိ အမှတ်(၃၇၀၂) တပ်ရင်း၊ P29914 အထူးကွန်မန်ဒိုတပ်ရင်း၊ ဗျူဟာ(၂၆) ပူးပါင်းတပ်ဖွဲ့ နှင့် အုတ်တွင်းမြို့နယ်ပကဖ၊ ဖြူးမြို့နယ်ပကဖတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ သာယာကုန်းမြို့၊ မီးရထားလမ်းတံတားတွင် အထိုင်ချတပ်စွဲထားသည့် တပ်စခန်းတိုက်ခိုက်ရာတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း(၉) က ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#RNA #REDNEWS #RedNewsAgency

By RNA Editor