RNA_ဇန်နဝါရီ(၂)၊၂၀၂၆ခုနှစ်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာ လကုန်အထိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့များသည် တနိုင်ငံလုံးအတိုင်းအတာဖြင့် မြို့နယ်ပေါင်း (၃၇) မြို့နယ်ကို အပြည့်အဝသိမ်းပိုက်ထားသည့်ပပြင် မြို့နယ်ပေါင်း (၄၁) မြို့နယ်ကိုလည်း ဆက်လက် ဝိုင်းပတ် ထိန်းချုပ်ထားဆဲဖြစ်သည်ဟု NUG ၏ ၂၀၂၅ ခုနှစ် စစ်ရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေ အစီရင်ခံစာတွင် ဖော်ပြထားသည်။
တော်လှန်ရေးအင်အားစုများသည် ကချင်၊ ကယား (ကရင်နီ)၊ ကရင်၊ ချင်း၊ ရခိုင်၊ စစ်ကိုင်း၊ မန္တလေး၊ ရှမ်းမြောက်ဒေသများသာမက မကွေးနှင့် တနင်္သာရီဒေသများတွင်ပါ မြို့သိမ်း၊ စခန်းသိမ်း တိုက်ပွဲများကို ထိရောက်စွာ ဆင်နွှဲနိုင်ခဲ့ကြောင်း၊ မံစီ၊ ဖလမ်း၊ အင်းတော်၊ ဗန်းမောက်နှင့် မောတောင်မြို့များကို အပြည့်အဝ သိမ်းပိုက် ထားနိုင်ခဲ့ပြီး၊ ဗန်းမော်၊ ကျောက်ဖြူ၊ ဖာပွန်၊ ကသာနှင့် ဆင်ဖြူကျွန်းမြို့များတွင်လည်း ရန်သူ့တပ်များကို ပြင်းထန်စွာ ဖိအားပေးတိုက်ခိုက်လျက်ရှိပါကြောင်း သိရသည်။

NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်တွင် တပြည်လုံး အတိုင်း အတာဖြင့် တိုင်းစစ်ဌာန (၁၀) ခု၊ တပ်မ (၁) ခု၊ တပ်ရင်းပေါင်း (၃၆၀) ရင်းကို တခုတည်းသော ကွပ်ကဲမှုအောက်တွင် ထားရှိဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ်အတွင်း ပြည်သူ့ကာကွယ်ရေး တပ်မတော်၏ အရေးကြီးသော ဖြစ်ပေါ်တိုးတက်မှုမှာ တခုတည်းသော ကွပ်ကဲမှု (Unified Command) ကို တနိုင်ငံလုံးအတိုင်းအတာဖြင့် ခိုင်မာစွာ တည်ထောင်နိုင်ခဲ့သည်ဟုလည်း အစီအရင်ခံစာတွင် ဖော်ပြထားသည်။
စစ်တောင်းမြစ်ဝှမ်းလွင်ပြင်ဒေသ၊ ရန်ကုန်-မန္တလေး လမ်းဟောင်းအပိုင်းနှင့် မွန်-တနင်္သာရီ အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးတို့ကို စိုးမိုးထိန်းချုပ်နိုင်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ကချင်၊ ရခိုင်၊ ချင်း၊ ကရင်နှင့် တနင်္သာရီဒေသရှိ နယ်စပ်ကုန်သွယ်ရေး စခန်းများနှင့် လမ်းကြောင်းများကို တော်လှန်ရေးအဖွဲ့များက အောင်မြင်စွာ ထိန်းချုပ်ထားနိုင်ခဲ့ပြီဟု ဆိုသည်။
#RNA #REDNEWS #RedNewsAgency
