RNA_ဒီဇင်ဘာ(၁၉)၊၂၀၂၅ခုနှစ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) အချုပ်ထောင် ဒီဇင်ဘာ ၁၈ ရက်နေ့ ညနေပိုင်းက လေကြောင်းတိုက်ခိုက်ခံရသည့်အတွက် အချုပ်ထောင် တာဝန်ခံ အပါအဝင် (၃) ဦးကျဆုံးခဲ့ရကြောင်း သိရသည်။
ရေဦးမြို့နယ် ပလဖ အချုပ်ထောင် တာဝန်ခံနှင့် ရဲဘော် (၂) ဦးကျဆုံးခဲ့ရကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများရှိသော်လည်း အတိအကျမသိရှိရသေးကြောင်း၊ မင်းကင်း ပလဖ ၏ ဖမ်းဆီးခြင်းခံထားရသော CDM ဆရာဝန် ဒေါက်တာဒေါ်ခင်သူသူလွင်ကိုလည်း ရေဦးမြို့နယ် တရားရုံးတွင် ပြောင်းရွေ့စစ်ဆေးနေသည့်အတွက် ရေဦး ပလဖ အချုပ်ထောင်တွင် ချုပ်နှောင်ထားသည်ဟု ယူဆရကြောင်း ဒေသခံထံက သိရသည်။

ရေဦး ပလဖ အချုပ်ထောင် လေကြောင်းတိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး တရားဝင်သတင်းထုတ်ပြန်မှုမရှိသေးသည့်အတွက် ဒဏ်ရာရရှိသူစာရင်းကို မသိရှိရေသေးသော်လည်း လေကြောင်းတိုက်ခိုက်မှုအတွင်း ကျဆုံးခဲ့ရသည့် ပလဖ အချုပ်ထောင် တာဝန်ခံသည် ရေဦး ပလဖ တာဝန်ခံ၏ အစ်ကိုတော်စပ်သူဖြစ်ကြောင်း သိရသည်။
အကြမ်းဖက်အာဏာသိမ်းစစ်တပ်သည် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း အပါအဝင် ရခိုင်ပြည်နယ်တို့ကို ဦးတည်ပြီး လေကြောင်းတိုက်ခိုက်မှု အများအပြား ပြုလုပ်နေကြောင်း၊ ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ရေဦး ပလဖ အချုပ်ထောင်ကို တိုက်ခိုက်ခဲ့သည့်အပြင် ခင်ဦးမြို့နယ် ဗျူဟာလမ်းပိုင်းပေါ်ရှိ ယာဉ်ကြောပိတ်ဆို့ပြီး လူစုလူဝေးဖြစ်ခဲ့သည့်နေရာကိုလည်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သေးကြောင်း သိရသည်။
#RNA #REDNEWS #RedNewsAgency
