“ဧရာဝတီမြစ်ဆိုတာ မေခနဲ့ မလိခ ပေါင်းဆုံရာ မြစ်ဆုံကနေ မြစ်ဖျားခံပြီး မြန်မာ့ယဉ်ကျေးမှု၊ လူမှုဘဝနဲ့ သမိုင်းကို ထိန်းကျောင်းလာခဲ့တဲ့ ကျွန်တော်တို့ရဲ့ “အမိမြစ်ကြီး” ပါ။ မြစ်ဆုံကို ကာကွယ်ခြင်းဟာ ဧရာဝတီကို ကာကွယ်ခြင်းဖြစ်သလို၊ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာကို ကာကွယ်ခြင်းလည်း ဖြစ်ပါတယ်”
ပင်လယ်သူ
ပြည်သူ့သဘောထားနဲ့ ကန့်ကွက်မှုတွေကြောင့် မြစ်ဆုံစီမံကိန်းဟာ ၂၀၁၁ ခုနှစ် ဦးသိန်းစိန်အစိုးရလက်ထက်မှာ ခေတ္တရပ်နားခဲ့ရပါတယ်။ NLD အစိုးရတက်လာတဲ့အခါ တရုတ်ဘက်က စီမံကိန်းပြန်စဖို့ နည်းမျိုးစုံနဲ့ ဖိအားပေး စည်းရုံးခဲ့ပေမဲ့ NLD သက်တမ်း ၅ နှစ်အတွင်းမှာလည်း ပြန်မစနိုင်ခဲ့ပါဘူး။ ပြည်သူတွေအနေနဲ့တော့ နိုင်ငံအတွက် ကောင်းကျိုးမရှိတဲ့ မြစ်ဆုံစီမံကိန်းကို ထာဝရရပ်တန့်ဖို့ အမြဲတောင်းဆိုခဲ့ကြပါတယ်။
မြစ်ဆုံစီမံကိန်းကို ကန့်ကွက်နေတဲ့ ပြည်သူတွေဟာ အစိုးရကို ကြည့်ပြီး ကန့်ကွက်ခဲ့ကြတာ မဟုတ်ပါဘူး။ မြစ်ဆုံစီမံကိန်းအပြီးတိုင်ဖျက်သိမ်းရေး လှုပ်ရှားသူ ဦးတင်မောင်ဦးက ၂၀၁၉ မှာ အခုလို ရှင်းရှင်းလင်းလင်း ပြောခဲ့ပါတယ်။ “ဒီစီမံကိန်းကို သဘောမတူတာက စစ်တပ်က လုပ်ခဲ့လို့တင် မဟုတ်ဘူး၊ ဒေါ်အောင်ဆန်းစုကြည်က လုပ်ရင်လည်း သဘောမတူနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဘယ်သူပဲလုပ်လုပ် ဒီစီမံကိန်းဟာ တိုင်းပြည်အတွက် ဘာအကျိုးအမြတ်မှ ရေရေရာရာ မရှိလို့ပါပဲ။”
ယခုအခါ မြန်မာပြည်သူတစ်ရပ်လုံးရဲ့ နှလုံးသည်းပွတ်၊ နိုင်ငံရဲ့ အသက်သွေးကြောဖြစ်တဲ့ ဧရာဝတီမြစ်ကြီးကို လည်လှီးသတ်ဖြတ်မယ့် “မြစ်ဆုံစီမံကိန်း” ကို ၂၀၂၆ ခုနှစ်မှာ ပြန်အသက်သွင်းတော့မယ်ဆိုပြီးတော့ အာဏာသိမ်းစစ်တပ်က တရားဝင်ပြောလာသလို ခြေလှမ်းတွေလည်း ပြင်လာပါပြီ။ ဒါဟာ ရိုးရိုးတန်းတန်း စီးပွားရေးစီမံကိန်းတစ်ခုကို ကြေညာတာမဟုတ်ဘဲ၊ နိုင်ငံတကာရဲ့ ဖယ်ကြဉ်မှုကို ခံထားရတဲ့ အာဏာသိမ်းစစ်အုပ်စုက သူတို့ရဲ့ ပြုတ်လုနီးပါး အာဏာစက်ကို ဆွဲဆန့်ဖို့အတွက် တိုင်းပြည်ရဲ့ အနာဂတ်ကို တရုတ်ထံ ထိုးအပ်လိုက်တဲ့ “အယုတ်မာဆုံးသော နိုင်ငံတော်သစ္စာဖောက်မှု” ဖြစ်ပါတယ်။
ဒီစီမံကိန်းမှာ တရုတ်ဘက်က ငွေကြေးအလုံးအရင်းနဲ့ ရင်းနှီးမြှုပ်နှံထားတယ်ဆိုပေမဲ့ တကယ့်တကယ် လက်တွေ့မှာ မြန်မာနိုင်ငံအတွက် ဘယ်လောက်အကျိုးရှိပြီး ဘယ်လောက်အရှုံးကြီးနေသလဲဆိုတာကို အချက်အလက်တွေနဲ့ ကြည့်ဖို့ လိုအပ်ပါတယ်။ စီမံကိန်းစာချုပ်အရ တရုတ်နိုင်ငံရဲ့ CPI ကုမ္ပဏီက အစုရှယ်ယာ ၈၀ ရာခိုင်နှုန်း၊ မြန်မာအစိုးရက ၁၅ ရာခိုင်နှုန်း နဲ့ အေးရှားဝေါကုမ္ပဏီက ၅ ရာခိုင်နှုန်း ပိုင်ဆိုင်ကြမှာ ဖြစ်ပါတယ်။ ငွေကြေးစိုက်ထုတ်မှုကိုတော့ တရုတ်ဘက်က အကုန်အကျခံမှာပါ။ ကျန်တာတွေက အကောင်အထည်ဖော်တဲ့အပိုင်းမှာ ပါကြရမှာပါ။ အေးရှားဝေါလ်း ကုမ္ပဏီဟာ ၂၀၀၉ ခုနှစ်ကတည်းက မြစ်ဆုံးစီမံကိန်းအတွက် ပြင်ဆင်တဲ့အနေနဲ့ တန်ဖရဲကျေရွာ အပါအဝင် ကျေးရွာပေါင်း ၁၀ ရွာကျော်ကို တန်ဖရဲကျေးရွာရဲ့ တောင်ဘက် ၈ မိုင်ခန့် အကွာမှာ နေအိမ်များ တည်ဆောက်ပြီးတော့ အောင်မြင်သာကျေးရွာအဖြစ် ပြောင်းရွှေ့နေထိုင်စေတာမျိုးတွေ ပြုလုပ်ခဲ့ပါတယ်။
ဒီမြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီးတော့ မေ့ထားလို့မရတဲ့ အချက်က “ရင်းနှီးမြှုပ်နှံမှု” ပါ။ တရုတ်ဘက်က “ငွေ” ကို ရင်းတာဖြစ်ပြီး မြန်မာဘက်ကတော့ “ဧရာဝတီမြစ်ကြီး” တစ်ခုလုံးနဲ့ “ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်” တွေကို ရင်းလိုက်ရတာပါ။ သဘာဝတရားနဲ့ သမိုင်းတန်ဖိုးအရ ကြည့်မယ်ဆိုရင် မြန်မာဘက်က ရင်းနှီးလိုက်ရတာဟာ တရုတ်ရဲ့ ငွေကြေးထက် အဆပေါင်းများစွာ ပိုပြီး တန်ဖိုးကြီးမားနေပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရလက်ထက်တို့မှာ မြစ်ဆုံစီမံကိန်းကို ရပ်တန့်ခဲ့ကြပေမဲ့ အာဏာရှင်မင်းအောင်လှိုင်ကတော့ တရုတ်အစိုးရရဲ့ ထောက်ခံမှု ရဖို့ကို တရုတ်ခိုင်းသမျှလုပ်နေရတဲ့အတွက် မြစ်ဆုံစီမံကိန်းကို ပြန်စတင်တာဖြစ်ပါတယ်။
မြစ်ဆုံ စီမံကိန်းကနေ ထွက်လာမယ့် လျှပ်စစ်ဓာတ်အား ခွဲဝေမှုမှာလည်း သိသိသာသာ ကွာဟချက် ရှိနေပါတယ်။ ထွက်လာသမျှ လျှပ်စစ်ရဲ့ ၉၀ ရာခိုင်နှုန်း ကို တရုတ်နိုင်ငံက ယူမှာဖြစ်ပြီး မြန်မာနိုင်ငံကတော့ ၁၀ ရာခိုင်နှုန်း ပဲရပါမယ်။ မြစ်ဆုံစီမံကိန်းဟာ တရုတ်အကျိုးအတွက်ပဲ ဖြစ်ပြီးတော့ မြန်မာနိုင်ငံအတွက်တော့ ပျက်စီးဆုံးရှုံးစရာတွေသာ ဖြစ်ပါတယ်။ စီးပွားရေးအရ ရလာမယ့် အကျိုးအမြတ်တွေကို နိုင်ငံတကာ မြစ်ကြောင်းများအဖွဲ့ရဲ့ ဖော်ပြချက်အရ ကြည့်မယ်ဆိုရင်လည်း CPI က ၇၀ ရာခိုင်နှုန်း၊ မြန်မာ စစ်တပ် သို့မဟုတ် အစိုးရလို့ ခံယူထားသူတွေက ၂၀ ရာခိုင်နှုန်း၊ အေးရှားဝေါလ်း ကုမ္ပဏီက ၁၀ ရာခိုင်နှုန်းဆိုတဲ့ အကျိုးဆောင်ခတွေ အသီးသီး ရရှိကြမှာ ဖြစ်တယ်လို့လည်း နိုင်ငံတကာမြစ်ကြောင်းများအဖွဲ့ရဲ့ ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံရဲ့ လိုအပ်ချက်တစ်ခုဖြစ်တဲ့ လျှပ်စစ်မီးရမယ်လို့ အကြောင်းပြချက် ပေးနေပေမယ့် လက်တွေ့မှာတော့ မူလစာချုပ်အရ ထွက်လာမယ့် လျှပ်စစ်ဓာတ်အားရဲ့ ၉၀% က တရုတ်ပြည်ကို တိုက်ရိုက်ပို့မှာဖြစ်ပြီး မြန်မာနိုင်ငံက ၁၀% ပဲ ရမှာပါ။ ကိုယ့်မြေပေါ်မှာ ကိုယ့်မြစ်ကို စတေးပြီး သူများနိုင်ငံ မီးလင်းဖို့ ကျွန်ခံပေးရမယ့် အဖြစ်ဟာ ဘယ်လောက်တောင် ရင်နာစရာကောင်းသလဲဆိုတာ စဉ်းစားကြည့်ရုံနဲ့ သိနိုင်ပါတယ်။ မြစ်ဆုံစီမံကိန်းကြောင့်တော့ မြန်မာနိုင်ငံဟာ မီးလင်းမလာနိုင်ပါဘူ။ သဘာဝတရားကြီးတစ်ပျက်စီးဖို့သာ ဖြစ်ပါတယ်။
ဒီလောက်အထိ အရေးကြီးပြီး နိုင်ငံရဲ့ အသက်သွေးကြောနဲ့ ဆိုင်တဲ့ မြစ်ဆုံ စာချုပ်ပါ အချက်အလက်တွေကို အများပြည်သူသိအောင် ပွင့်ပွင့်လင်းလင်း ထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။ ဒါတွေဟာ စစ်အာဏာရှင် သန်းရွှေလက်ထက်ကစလိုက်တာဖြစ်ပါတယ်။ တရုတ်ဟာ အာဏာရှင်အဆက်ဆက် သက်ဆိုးရည်ဖို့အတွက် ကျောထောက်နောက်ခံပေးပြီး မြန်မာနိုင်ငံက သယံဇာတများကို သူခိုးစျေးနဲ့ ရယူနေတာဖြစ်ပါတယ်။ စစ်အာဏာရှင်တွေဆိုတာကလည်း သူတို့အာဏာသက်ဆိုးရှည်ဖို့ နိုင်ငံကို ရောင်းစားနေသလို ပြည်သူတွေကို ဖိနှိပ်သက်ဖြတ်နေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံက နေဝင်းကနေစပြီးတော့ မင်းအောင်လှိုင်အထိ စစ်အာဏာရှင်ဆက်ဆက်မှာ မင်းအောင်လှိုင်ကတော့ အဆိုးဆုံးလို့ ပြောရမလိုဖြစ်နေပါပြီ။
၂၀၁၁ ခုနှစ်တုန်းက ပြည်သူတစ်ရပ်လုံး တညီတညွတ်တည်း ကန့်ကွက်ခဲ့လို့ ရပ်ဆိုင်းခဲ့ရတဲ့ သမိုင်းသင်ခန်းစာကို စစ်ကောင်စီက အခုချိန်မှာ ဗြောင်ကျကျ စိန်ခေါ်လိုက်ခြင်းမျိုးဖြစ်ပါတယ်။ သူတို့အတွက်ကတော့ ပြည်သူတွေ ဒုက္ခရောက်မှာ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှာထက် တရုတ်နိုင်ငံရဲ့ ဗီတိုအာဏာ အကာအကွယ်ကို ရရှိဖို့နဲ့ စစ်စရိတ်အတွက် ငွေကြေးအထောက်အပံ့ရဖို့က ပိုအရေးကြီးနေတာပါ။ အခု မင်းအောင်လှိုင်တို့အတွက် ထွက်ပေါက်တစ်ခုဖြစ်တဲ့ အတုအယောင်ရွေးကောက်ပွဲရဲ့ နောက်ကွယ်မှာလည်း တရုတ်ဟာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေပါပြီးတော့ စီမံခန့်ခွဲနေတာဖြစ်ပါတယ်။ မင်းအောင်လှိုင်တို့ ထွက်ပေါက်ရဖို့ အာဏာရှင်စနစ်တည်မြဲဖို့အတွက် တရုတ်က နောက်ကနေ ပံ့ပိုးနေသလို အခုလို မြန်မာနိုင်ငံရဲ့ သဘဝတရားကပေးထားတဲ့ ရတနာ တစ်ခုဖြစ်ပြီး နိုင်ငံရဲ့ အသက်သွေးကြောဖြစ်တဲ့ မြစ်ဆုံလိုဟာမျိုးကို တရုတ်က ပြန်ယူလိုက်တာဖြစ်ပါတယ်။
ဒီစီမံကိန်းသာ တကယ်ဖြစ်လာရင် ကျွန်တော်တို့ နိုင်ငံဟာ ရာစုနှစ်ပေါင်းများစွာ ကုစားလို့မရမယ့် ဘေးဒုက္ခဆိုးကြီးတွေနဲ့ ရင်ဆိုင်ရမှာပါ။ ဧရာဝတီမြစ်ရဲ့ သဘာဝရေစီးကြောင်း ပိတ်ဆို့ခံရမှုကြောင့် မြစ်အောက်ပိုင်းက စစ်ကိုင်း၊ မကွေးနဲ့ ဧရာဝတီတိုင်းက လယ်ယာစိုက်ပျိုးရေးတွေ အကုန်ပျက်စီးပြီး မြန်မာနိုင်ငံရဲ့ ဆန်စပါးကျီကြီးဟာ ကန္တာရအသွင် ပြောင်းသွားနိုင်ပါတယ်။ နောက်တစ်ခုက မြစ်ဆုံဒေသဟာ စစ်ကိုင်းပြတ်ရွေ့ကြောနဲ့ အလွန်နီးကပ်တာကြောင့် ငလျင်ဒဏ်ကြောင့် ဆည်သာကျိုးခဲ့ရင် မြစ်ကြီးနားအပါအဝင် အောက်ပိုင်းမြို့ကြီးတွေဟာ မိနစ်ပိုင်းအတွင်း ရေအောက်ရောက်သွားနိုင်တဲ့ လူပေါင်းသန်းချီရဲ့ အသက်ကို နေ့စဉ်ခြိမ်းခြောက်နေမှာပါ။
အဲဒီဆိုးကျိုးတွေအပြင် ဧရာဝတီမြစ်အတွင်းက ရှားပါးရေနေသတ္တဝါတွေ မျိုးသုဉ်းမှာဖြစ်သလို ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ဟာ ရေကြောင်းပြောင်းလဲမှုတွေကြောင့် မြစ်ကမ်းပါးပြိုတာတွေ၊ မြစ်တိမ်တာတွေ ဖြစ်လာပြီး ဧရာဝတီဟာ တိမ်ကော ပျောက်ကွယ်သွားပါလိမ့်မယ်။ မြန်မာ့အနာဂတ်ဟာ တရုတ်နိုင်ငံ လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် နှစ် ၅၀ ကြာ စတေးခံရမှာအပြင် ပထဝီနိုင်ငံရေး ကစားကွက် တစ်ခုလည်း ဖြစ်ပါတယ်။ အာဏာသိမ်းစစ်တပ် စစ်ရှုံးပြီး နိုင်ငံရေးအားနည်ချက်ကို တရုတ်က အခွင့်ကောင်း ယူပြီးတော့ ခါးပတ်လမ်းစီမံကိန်း (BRI)ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းဖြစ်သလို၊ မြန်မာနိုင်ငံကို တရုတ်ရဲ့ ဩဇာခံ နယ်မြေအဖြစ် အပြည့်အဝ ချုပ်ကိုင်ထားနိုင်ဖို့အတွက် ဗျူဟာမြောက် ခြေလှမ်းမျိုးဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ သူတို့ရဲ့ ခါးပတ်လမ်းစီမံကိန်း (BRI) အတွက် မြန်မာနိုင်ငံကို ဩဇာခံနယ်မြေအဖြစ် အပြည့်အဝ သိမ်းပိုက်ဖို့ ကြိုးစားနေတာပါ။ ဘီလီယံနဲ့ချီတဲ့ စီမံကိန်းကုန်ကျစရိတ်တွေကြောင့် နိုင်ငံဟာ ရေရှည်မှာ ရုန်းမထွက်နိုင်တဲ့ ကြွေးမြီးထောင်ချောက်ထဲ ရောက်သွားမှာဖြစ်ပါတယ်။ အကြွေးမဆပ်နိုင်တဲ့အခါ တိုင်းပြည်ရဲ့ တခြားအဖိုးတန် လုပ်ပိုင်ခွင့်တွေကို တရုတ်က စိတ်ကြိုက်ခြယ်လှယ်ခွင့် ရသွားတော့မှာပါ။ ဒါဟာ တရုတ်ရဲ့ ဗျူဟာမြောက် ကျူးကျော်မှုပါပဲ။ စစ်အာဏာရှင်တွေ တည်မြဲနေသမျှကာလပတ်လုံး မြန်မာနိုင်ငံဟာ တရုတ်ရဲ့ လက်အောက်ခံ နိုင်ငံတစ်ခုဖြစ်ဖို့ သေချာသလောက်ဖြစ်နေပါပြီ။ အခုလည်း မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အာဏာရှင်အဖွဲ့ဟာ တရုတ်ခိုင်းသမျှ လိုက်ကနေရတဲ့ ရုပ်သေးရုပ်များသာ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ကတော့ မြစ်ဆုံးစီမံကိန်းနဲ့ပတ်သက်ပြီး လျှပ်စစ်လိုအပ်ချက်နဲ့ စီးပွားရေးကို အကြောင်းပြကောင်း ပြနိုင်ပေမယ့် တစ်ကယ့်လက်တွေ့မှာတော့ ပြည်သူတွေအတွက် ပြည်သူတွေအတွက် နိုင်ငံအတွက် ဆိုးကျိုးသာဖြစ်ပြီးတော့ စစ်အာဏာရှင်တွေ အာဏာတည်မြဲရေးသာ အဓိကဖြစ်နေပါတယ်။ အထူးသဖြင့် သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုနဲ့ သမိုင်းဝင်နေရာ ပျောက်ဆုံးမှုတွေက ပြန်လည်အစားထိုးလို့ မရနိုင်တဲ့ မြန်မာနိုင်ငံအတွက် ဆုံးရှုံးမှုတွေ ဖြစ်လာမှာပါ။ မြန်မာနိုင်ငံက စစ်အာဏာရှင်အဆက်ဆက်ဟာ ပြည်သူအတွက် နိုင်ငံအတွက် ဘယ်တုန်းကမှမလုပ်ခဲ့ကြပါဘူး။ သူတို့ မိသားစုနဲ့ သူတို့အာဏာတည်မြဲရေးအတွက်သာ အစဉ်တစိုက် လုပ်ခဲ့ကြတာဖြစ်ပါတယ်။
အခုဆိုရင် မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အာဏာရှင်များဟာ သူတို့ရဲ့ အာဏာသက်ဆိုး ရှည်ဖို့အတွက်ဆိုရင် ဧရာဝတီကိုလည်း သတ်ရဲတယ်၊ ပြည်သူကိုလည်း ဓားစာခံလုပ်ရဲတယ်ဆိုတာ အခုနွေဦးတော်လှန်ရေးက သက်သေပါပဲ။ အခုဆိုရင် ပြည်သူတွေကိုလည်း သတ်တယ်၊ ဧရာဝတီကိုလည်း ရောင်းစားတယ်။ နိုင်ငံကိုလည်း ရောင်းစားနေကြသူတွေပါပဲ။ “ငါတို့ အာဏာတည်မြဲရင် ပြီးရော၊ တိုင်းပြည်ဘာဖြစ်ဖြစ် ဂရုမစိုက်ဘူး” ဆိုတဲ့ စစ်အာဏာရှင်တွေရဲ့ ယုတ်မာတဲ့ စိတ်ဓာတ်ဟာ သမိုင်းမှာ အဆိုးရွားဆုံးသော အမည်းစက်အဖြစ် ကျန်ရစ်မှာပါ။
ဧရာဝတီမြစ်ဆိုတာ မေခနဲ့ မလိခ ပေါင်းဆုံရာ မြစ်ဆုံကနေ မြစ်ဖျားခံပြီး မြန်မာ့ယဉ်ကျေးမှု၊ လူမှုဘဝနဲ့ သမိုင်းကို ထိန်းကျောင်းလာခဲ့တဲ့ ကျွန်တော်တို့ရဲ့ “အမိမြစ်ကြီး” ပါ။ မြစ်ဆုံကို ကာကွယ်ခြင်းဟာ ဧရာဝတီကို ကာကွယ်ခြင်းဖြစ်သလို၊ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာကို ကာကွယ်ခြင်းလည်း ဖြစ်ပါတယ်။ အချုပ်အားဖြင့်ပြောရရင် မြစ်ဆုံစီမံကိန်းဟာ အာဏာသက်ဆိုးရှည်ရေးနဲ့ စစ်တပ်အတွက် စီးပွားရေးအရ တွက်ခြေကိုက်သယောင် ရှိပေမဲ့ မြန်မာတို့ရဲ့ အသည်းနှလုံး ဧရာဝတီကြီး တိမ်ကောဖို့ စတေးလိုက်ရမယ့် အန္တရာယ်ကြီးနေပါတယ်။
ဧရာဝတီဟာ ငွေကြေးနဲ့ ဝယ်ယူလို့ မရနိုင်ပါဘူး။ ဒီလိုအခြေအနေတွေမှာ တရုတ်ရဲ့လုပ်ရပ်ဟာ မြန်မာနိုင်ငံသားတွေအတွက် တရားမျှတမှု ရှိရဲ့လားဆိုတာ ပြန်လည်ဆန်းစစ်သင့်ပါတယ်။ မြစ်ဆုံးကိစ္စဟာ နိုင်ငံရေးထက် ကျော်လွန်တဲ့ “အမျိုးသားရေး အကျပ်အတည်း” တစ်ခုပါ။ အာဏာရှင်ကို ထောက်ခံသူဖြစ်စေ၊ ဆန့်ကျင်သူဖြစ်စေ၊ ဘယ်ဘာသာ၊ ဘယ်လူမျိုးဖြစ်စေ မြန်မာပြည်သားမှန်ရင် မိမိတို့ရဲ့ အနာဂတ်မျိုးဆက်သစ်တွေအတွက် ဧရာဝတီမြစ်ကြီးကို စတေးမခံကြပါနဲ့။
မြန်မာနိုင်ငံကို တရုတ်လက်ထဲ ထိုးအပ်ဖို့ ကြိုးစားနေတဲ့ စစ်အာဏာရှင်တွေရဲ့ ဒီမြစ်ဆုံစီမံကိန်းကို “ပြည်သူအားလုံး တညီတညွတ်တည်း ပြတ်ပြတ်သားသား ကန့်ကွက်ကြဖို့” အရေးတကြီး လိုအပ်နေပြီ ဖြစ်ပါတယ်။ တရုတ်ကျွန်ဖြစ်မဲ့ ဒီစီမံကိန်းတွေ အပါအဝင် အာဏာရှင်တွေရဲ့ ရက်စက်ယုတ်မာမှုတွေ အဆုံးသတ်ဖို့ကတော့ တော်လှန်ရေးအောင်ဖို့ အာဏာရှင်တွေပြုတ်ကျဖို့ အရေးတကြီးလိုအပ်နေပြီဆိုတဲ့အကြောင်း သတိပေးနှိုးဆော်လိုက်ရပါတယ်။
#RedNewsAgency #RedNews #RNA
